အလိုအလျာက် မောင်းနှင်နိုင်တဲ့ အငှားယာဉ်တွေကို ရှေ့နှစ်အတွင်း ပြေးဆွဲသွားဖို့အတွက် ယုံကြည်ချက် အပြည့်ရှိကြောင်း Tesla ကားကုမ္ပဏီရဲ့ CEO ဖြစ်သူ Elon Musk က ပြောကြားလိုက်ပါတယ်။
ဧပြီလ ၂၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါလိုအယ်တို မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “Autonomy Investor Day” ပွဲမှာ Elon Musk က Tesla ကုမ္ပဏီရဲ့ အငှားယာဉ် ဝန်ဆောင်မှု App ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ Tesla ရဲ့ မောင်းသူမဲ့ အငှားယာဉ်တွေ စတင်ပြေးဆွဲပြီး၊ နောက်တနှစ်အတွင်း ကုမ္ပဏီက ထုတ်မယ့် ကားတွေမှာ စတီယာရင်နဲ့ ခြေနင်းတွေကိုပါ ဖြုတ်ပစ်သွားမယ်လို့ Elon Musk က ခန့်မှန်းထားပါတယ်။
“နောက်နှစ်အတွင်း Tesla မှာ အလိုအလျောက်မောင်းနှင်နိုင်တဲ့ မောင်းသူမဲ့ အငှားယာဉ်တွေ ရှိလာမယ်ဆိုတဲ့ ခန့်မှန်းချက်အပေါ် ကျနော် ကိုယ်တိုင် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်” လို့ Musk က စင်ပေါ်မှာ ပြောသွားခဲ့ပါတယ်။
သို့ပေမယ့်လည်း Tesla မောင်းသူမဲ့အငှားယာဉ်တွေကို အမေရိကန်ပြည်ထောင်စုက စီရင်စုနယ်မြေအကုန်လုံးမှာတော့ တွေ့ရဦးမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ နေရာတိုင်းမှာ စည်းမျဉ်းခွင့်ပြုချက်တွေ ရဦးမှာ မဟုတ်ပေမယ့် နောက်နှစ်အတွင်း အနည်းဆုံး နေရာအချို့မှာတော့ ခွင့်ပြုချက်ရဖို့ ယုံကြည်ထားကြောင်းလည်း Musk က ဆိုပါတယ်။
Tesla ရဲ့ မောင်းသူမဲ့အငှားယာဉ်ဝန်ဆောင်မှုကို “Tesla Network” လို့ အမည်ပေးထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကိုယ်ပိုင် Model S နဲ့ Model 3s ကားတွေကို စီးနင်းသူ သွားလိုရာဆီ အလိုအလျောက် ပို့ဆောင်ပေးမယ့် အငှားယာဉ်တွေအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ကားကို ဖုန်းကနေပြီး အငှားယာဉ်ကွန်ရက်အတွင်း ထည့်သွင်း၊ ထုတ်ပယ်ခြင်းကိုလည်း ကိုယ်တိုင် လုပ်ဆောင်နိုင်မှာပါ။
Tesla ဟာ အငှားယာဉ်ဝန်ဆောင်မှုတခု လည်ပတ်ဖို့ စိတ်ကူးနဲ့ အပြည့်အဝ မောင်းသူမဲ့ကား နည်းပညာကို ၂၀၁၆ ခုနှစ်ကတည်းက စတင် အကောင်အထည်ဖော်နေခဲ့တာ ဖြစ်တယ်လို့ Musk က ပြောခဲ့ပါတယ်။
အသုံးပြုသူတွေ ငှားရမ်းထားတဲ့ Model 3s ကားတွေကို စာချုပ်ကုန်သွားတာနဲ့ Tesla က ပြန်လည် ဝယ်ယူသွားမှာ ဖြစ်ပြီး၊ အဆိုပါကားတွေကို အငှားယာဉ်ကွန်ရက်မှာ အသုံးပြုဖို့ ပြန်လည် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ဤနည်းအားဖြင့် မောင်းသူမဲ့အငှားယာဉ် အရေအတွက်ကို လျင်မြန်စွာ တိုးမြှင့်နိုင်ပြီး၊ ၂၀၂၀ လောက်မှာ အစီးရေ ၁ သန်းကျော်လောက် ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားပါတယ်။
Tesla Network ကနေ ပြေးဆွဲမယ့် မောင်းသူမဲ့အငှားယာဉ်တွေကို ခရီးစဉ်တကြောင်း ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကုမ္ပဏီက ပြန်လည်ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။
Tesla ရဲ့ အပြည့်အဝ မောင်းသူမဲ့ကားတွေ လမ်းပေါ် ပြေးဆွဲမယ့် စိတ်ကူးဟာ တကယ်ဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ Tesla ကားတွေမှာ မောင်းသူမဲ့ကားနည်းပညာအတွက် လိုအပ်တဲ့ ဟာ့ဒ်ဝဲတွေ ပါဝင်ပြီးသား ဖြစ်ပြီး၊ ဆော့ဖ်ဝဲ အဆင့်မြှင့်တင်ဖို့ပဲ လိုတယ်လို့ Musk က ပြောကြားခဲ့ပါတယ်။
Tesla Network အငှားယာဉ်ဝန်ဆောင်မှုဟာ တမိုင်ကို ၁၈ ဆင့် လောက်ပဲ ကျသင့်မှာ ဖြစ်တာကြောင့် တမိုင်ကို ၂ ဒေါ်လာ၊ ၃ ဒေါ်လာ ကျသင့်တဲ့ ပြိုင်ဘက်ဝန်ဆောင်မှုတွေထက် ဈေးချိုသာမှာ ဖြစ်ပါတယ်။ ဒီကွန်ရက်အတွင်း ဝင်ထားတဲ့ ယာဉ်မောင်းတွေအနေနဲ့လည်း တနှစ်ကို ဒေါ်လာ ၃ သောင်းလောက်အထိ ဝင်ငွေ ရနိုင်ကြောင်း Musk က ပြောကြားခဲ့ပါတယ်။
Ref: DailyMail, Tech Crunch