အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကုန်ပစ္စည်းပို့ ကားတွေ ထုတ်လုပ်ရာမှာ အဓိက အခက်အခဲတခု ရှိပါတယ်။ မောင်းတဲ့လူ မပါတော့တာကြောင့် ကားထဲက ကုန်ပစ္စည်းကို ဘယ်လို သွားပို့မလဲ ဆိုတာပါ။ ဒီပြဿနာကို စက်ရုပ်တွေက ဖြေရှင်းပေးနိုင်မယ်လို့ Ford က ယုံကြည်ထားပါတယ်။
Ford က အကောင်အထည်ဖော်နေတဲ့ ပရောဂျက်ကတော့ မောင်းသူမဲ့ကားနဲ့ စက်ရုပ်ကို ယှဉ်တွဲ အသုံးပြုကာ၊ အိမ်တိုင်ရာရောက်ပစ္စည်း ပို့ဆောင်မယ့် နည်းပညာပါ။ မောင်းသူမဲ့ကားအတွင်းမှာ စက်ရုပ်တရုပ်ကို ထည့်ပေးလိုက်ပြီး၊ ပစ္စည်းပို့ရမယ့်နေရာ ရောက်တဲ့အခါ စက်ရုပ်က တံခါးဝထိ ပစ္စည်းသွားပို့ပေးမှာ ဖြစ်ပါတယ်။
Digit လို့ အမည်ပေးထားတဲ့ ၅ ပေ အမြင့်ရှိ၊ ခြေနှစ်ချောင်းထောက် စက်ရုပ်ကို Ford နဲ့ Agility Robotics တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Agility Robotics ဟာ ခြေနှစ်ချောင်းထောက် စက်ရုပ်တွေကို ၂၀၁၅ ခုနှစ်ကတည်းက တီထွင်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတခုပါ။
Ford က ကြံရွယ်ထားတဲ့ အလိုအလျောက်ပစ္စည်းပို့စနစ်မှာ Digit စက်ရုပ်ကို မောင်းသူမဲ့ကားတစီးရဲ့ နောက်ခန်းထဲ ခေါက်လျက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ သွားလိုရာရောက်တဲ့အခါမှာ ကားနောက်ခန်း ပွင့်သွားပြီး၊ Digit စက်ရုပ်က Star Wars: The Phantom Menace ထဲက စက်ရုပ်တွေလိုမျိုး ကိုယ်ထည်ကို ဆန့်ပြီး ထွက်လာမှာ ဖြစ်ပါတယ်။
အလိုအလျောက် ပစ္စည်းပို့ဆောင်မှုရဲ့ နောက်ဆုံးအဆင့်ကိုလည်း Digit စက်ရုပ်ကပဲ တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကားအတွင်းပါလာတဲ့ ပါဆယ်ထုပ်ကို ယူပြီး၊ သင့်အိမ်တံခါးဝအထိ လာပို့ ပေးမှာပါ။ Digit စက်ရုပ်ဟာ လမ်းက အတားအဆီးတွေကိုလည်း အလိုအလျောက် ရှောင်ကွင်း သွားလာနိုင်ပါတယ်။
Ford ဘက်ကတော့ ယခုပုံစံအတိုင်း အလိုအလျောက်စနစ်တွေချည်း အသုံးပြုထားတဲ့ စက်ရုပ်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုမျိုး လုပ်ဖို့ အစီအစဉ်ချထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၂၁ လောက်မှာ မောင်းသူမဲ့အငှားယာဉ်နဲ့ ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုတခု လုပ်ဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ Amazon နဲ့ FedEx တို့ကလည်း အလားတူ (ဘီးတပ်) ပစ္စည်းပို့ စက်ရုပ်မျိုးကို တီထွင်ဖန်တီးနေကြပါတယ်။
မောင်းသူမဲ့ကားနဲ့ စက်ရုပ်ကို တွဲဖက်အသုံးပြုမယ့် Ford ရဲ့ ပရောဂျက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ အဓိကလိုအပ်တဲ့ ဒေတာနဲ့ လျှပ်စစ်အားကို ကားတွေက ထောက်ပံ့ပေးနိုင်တဲ့အတွက် ကားနောက်ခန်းမှာတင် Digit စက်ရုပ်ကို အားပြန်သွင်းနိုင်မှာပါ။ ဒါကြောင့် စက်ရုပ်မှာ ဘက်ထရီကြီးကြီး ထည့်စရာ လိုမှာ မဟုတ်တော့ပါဘူး။
ဒါ့အပြင် မောင်းသူမဲ့ကားမှာ ပါဝင်တဲ့ ကင်မရာနဲ့ LIDAR ဆန်ဆာတွေကလည်း Digit စက်ရုပ်အတွက် အသေးစိတ်မြေပုံတွေ ဖန်တီးပေးနိုင်ပြီး၊ စက်ရုပ်ကို လမ်းကြောင်းညွှန်ကြားပေးနိုင်ပါတယ်။ ဘီးတပ်စက်ရုပ် မဟုတ်တာကြောင့် လှေကားထစ်တွေကိုပါ အတက်အဆင်း ပြုလုပ်နိုင်ပြီး အိမ်ရှေ့ တံခါးဝထိ သင်မှာလိုက်တဲ့ ပစ္စည်းကို လာပို့ပေးနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်တချိန်မှာ သင့်အိမ်တံခါးကို လာခေါက်တာက စက်ရုပ်တရုပ်လည်း ဖြစ်နေနိုင်ပါတယ်။
Ref: The Verge, Daily Mail
You may also like these stories:
အလိုအလျောက် ပစ္စည်း ပို့ဆောင်နိုင်တဲ့ စက်ရုပ်ကို FedEx ပြသ
Walmart မှာ အလိုအလျောက် ကြမ်းတိုက်စက်ရုပ်တွေ စတင် ထားရှိ
အလိုအလျောက် အစားအသောက် ပို့ဆောင်တဲ့ စက်ရုပ်တွေကို PepsiCo စတင် အသုံးပြု
Ford က ထုတ်လုပ်လိုက်တဲ့ ဆူညံသံဖျောက် ခွေးအိမ်