Huawei ဟာ တရုတ်ပြည်တွင်း၊ ပြည်ပ ကားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မောင်းသူမဲ့ ကားတစီးကို ထုတ်လုပ်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရရဲ့ နည်းပညာ ပိတ်ပင်မှု ခံထားရပေမယ့် Telecom ဈေးကွက်အပြင် မောင်းသူမဲ့ကား ဈေးကွက်ကိုပါ ခြေဦးလှည့်ဖို့ Huawei ဘက်က ပြင်ဆင်နေတာပါ။
Huawei ဟာ မောင်းသူမဲ့ကား ပရောဂျက်တခုကို Audi၊ တရုတ်ကားကုမ္ပဏီ GAC နဲ့ Toyota တို့ ဖက်စပ်တည်ထောင်ထားတဲ့ GAC Toyota စတဲ့ ကားကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လိုအပ်တဲ့ မောင်းသူမဲ့ကား Aritificial Intelligence နည်းပညာကို Huawei က ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ နည်းဗျူဟာ အရာရှိချုပ်ဖြစ်သူ Dang Wenshuan က The Financial Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
တရုတ်အခြေစိုက် Beijing New Energy Automobile နဲ့ Changan Automobile တို့ကလည်း ကုမ္ပဏီနဲ့ ပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ Huawei နည်းပညာသုံး မောင်းသူမဲ့ကားကိုတော့ ၂၀၂၁ ခုနှစ်၊ ဒါမှမဟုတ် ၂၀၂၂ ခုနှစ်အတွင်းမှာ အစောဆုံး ထုတ်လုပ်ရောင်းချနိုင်ဖို့ ခန့်မှန်းထားပါတယ်။
တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ ဥရောပ ဈေးကွက်အတွက်လည်း တင်ပို့သွားမှာပါ။ မောင်းသူမဲ့ကား နည်းပညာမှာ ဒုတိယ အမြင့်ဆုံးဖြစ်တဲ့ Level 4 အဆင့်ရှိ ကားတစီး ဖြစ်မယ်လို့ သိရပါတယ်။ Level 5 အဆင့်ရှိတဲ့ မောင်းသူမဲ့ကား ဆိုရင်တော့ စတီယာရင်တောင် ပါလာမှာ မဟုတ်တော့ပါဘူး။
Huawei ရဲ့ AI နည်းပညာ အသုံးပြုထားတဲ့ Audi ကားတစီးကို ရှန်ဟိုင်းက Huawei ရုံးချုပ်မှာ The Finanial Times သတင်းစာက မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ဒီယာဉ်မှာ မောင်းသူ ပါဝင်ပေမယ့် စတီယာရင်နဲ့ အခြားခလုတ်တွေကို မောင်းသူက ဘာမှထိစရာ မလိုဘူးလို့ FT က ဆိုပါတယ်။
မောင်းသူမဲ့ကားတွေကို Google ၊ Uber ၊ Tesla ၊ Baidu ၊ Tencent စတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေကလည်း တီထွင် စမ်းသပ်နေကြပါတယ်။ Huawei သာ အမှန်တကယ် မောင်းသူမဲ့ကား ထုတ်လုပ်ရောင်းချနိုင်ခဲ့ရင် ဒီကုမ္ပဏီကြီးတွေနဲ့ တိုက်ရိုက် ပြိုင်ဘက်ဖြစ်လာမှာပါ။
Ref: CNBC, RT
You may also like these stories:
ကိုယ်ပိုင် HongMeng OS သုံး ဖုန်းပေါင်း ၁ သန်းကျော်ကို Huawei တင်ပို့ထားပြီးဖြစ်
ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang 8 ဖုန်းကို Huawei မိတ်ဆက်
HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ
Apple မောင်းသူမဲ့ကားတစီး ပထမဆုံးအကြိမ် ယာဉ်တိုက်မှုဖြစ်