Volvo က ဖန်တီးထားတဲ့ “Vera” ဟာ စာရေးသူတို့ မြင်နေကျ ကုန်တင်ကားတွေနဲ့ လုံးဝ မတူတဲ့ မောင်းသူမဲ့ လျှပ်စစ် ကုန်တင်ကားတစီး ဖြစ်ပါတယ်။ အလိုအလျောက် မောင်းနှင်နိုင်ပြီး ယာဉ်မောင်း အခန်းကို အပြီးတိုင် ဖြုတ်ထားတာကြောင့် ရှေ့ကကြည့်ရင် ပြိုင်ကားတစီးအလား ထင်မှတ်မှားစရာပါ။ Vera ကို အခု လမ်းပေါ်မှာ စတင် ပြေးဆွဲဖို့ အသင့်ဖြစ်နေကြောင်း Volvo က ကြေညာလိုက်ပါတယ်။
Volvo ဟာ ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီ DFDS နဲ့ ပူးပေါင်းပြီး၊ Vera မောင်းသူမဲ့ ကုန်တင်ကားကို ဆွီဒင်နိုင်ငံ၊ ဂိုသင်ဘာ့ဂ် ဆိပ်ကမ်းတခုကနေ ကုန်လှောင်ရုံတခုအကြား စတင်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ သတ်မှတ်လမ်းကြောင်းအတိုင်း ဆိပ်ကမ်းက ကွန်တိန်နာတွေကို သယ်ဆောင်ပေးမှာပါ။ အများသုံးလမ်းမတွေကိုလည်း ဖြတ်သန်းမောင်းနှင်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဒီလမ်းကြောင်းအတိုင်း မောင်းသူမဲ့ ကုန်တင်ကား အစီးရေ မြောက်များစွာကို ခေါက်တုံ့ ခေါက်ပြန် ပြေးဆွဲနိုင်ဖို့ Volvo က ရည်ရွယ်ထားပါတယ်။ ကားတွေကို ထိန်းချုပ် တာဝါတခုကနေ စောင့်ကြည့်နေမှာ ဖြစ်ပြီး၊ တနာရီ ကီလိုမီတာ ၄၀ အမြန်နှုန်းနဲ့ပဲ မောင်းနှင်သွားမှာပါ။ Vera ဟာ လမ်းကြောင်းတို ပြေးဆွဲဖို့ပဲ သင့်လျော်ပေမယ့်၊ ကုန်ပမာဏ အများအပြား သယ်ဆောင်နိုင်တာကြောင့် လုပ်ငန်းပိုမို တွင်ကျယ်မယ်လို့ Volvo က မျှော်လင့်ထားပါတယ်။
“ဆူညံသံ နည်းပြီး၊ မီးခိုးငွေ့ ထုတ်လွှတ်မှု မရှိတဲ့ အလိုအလျောက် သယ်ယူပို့ဆောင်ရေးယာဉ်တွေဟာ အနာဂတ် ကုန်စည်သယ်ယူ ပို့ဆောင်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လာမှာပါ။ စီးပွားရေးလုပ်ငန်းတွေအတွက်ကော လူထုအတွက်ပါ အကျိုးရှိစေမှာပါ” လို့ Volvo Trucks ရဲ့ မောင်းသူမဲ့ နည်းပညာဌာန ဒု-ဥက္ကဋ္ဌ ဖြစ်သူ Miakel Karlsson က ပြောကြားခဲ့ပါတယ်။
မောင်းသူမဲ့ ကုန်တင်ကားတွေကို စတင် စမ်းသပ်နေပြီ ဆိုပေမယ့် လမ်းတွေပေါ်မှာ တွင်ကျယ်စွာ တွေ့မြင်ရဖို့ကတော့ အချိန်တခု လိုဦးမှာပါ။ အစီးရေ အမြောက်အများ ပြေးဆွဲဖို့အတွက် နည်းပညာ၊ လုံခြုံရေး၊ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ အခြေခံ အဆောက်အအုံ အသစ်တွေ လိုနေပါသေးတယ်။
ဆွီဒင်နိုင်ငံဟာ မောင်းသူမဲ့ကုန်တင်ကားတွေကို ဦးဆောင် စမ်းသပ်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး၊ လွန်ခဲ့တဲ့လတုန်းကလည်း အများပြည်သူသုံး လမ်းမပေါ်မှာ Einride ကုမ္ပဏီရဲ့ မောင်းသူမဲ့ ကုန်တင်ကားတွေကို နေ့စဉ် ပစ္စည်းပို့ဆောင်ဖို့ စမ်းသပ်ခဲ့ပါသေးတယ်။
Ref: Engadget, Newsatlas