Automobile

၂၀၂၄ အိုလံပစ်ပွဲတော်မှာ ပါရီမြို့ထဲ မိုးပျံတက္ကစီ ပြေးဆွဲရန် စီစဉ်ထား

မကြာခင် အချိန်အတွင်းမှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို အလည်အပတ် သွားရောက်မယ်ဆိုရင် မိုးပျံတက္ကစီတွေနဲ့ မြို့ထဲကို စတိုင်ကျကျနဲ့ သွားနိုင်ပါတော့မယ်။ ပြင်သစ်ပို့ဆောင်ရေး တာဝန်ခံလုပ်ငန်းက ၂၀၂၄ အိုလံပစ်ပွဲတော်အမီ မိုးပျံတက္ကစီတွေ ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လေယာဉ် တည်ဆောက်တဲ့လုပ်ငန်း Airbus နဲ့အတူ ပြင်သစ် ပို့ဆောင်ရေးလုပ်ငန်းက VTOL (Vertical Take-off and Landing vehicles) လို့ နာမည်ပေးထားတဲ့ မိုးပျံတက္ကစီလုပ်ငန်းကို ၂၀၂၄ အိုလံပစ်ပွဲတော်မှာ ပြင်သစ်နိုင်ငံ၊ မြို့တော်ပါရီမှာ ပြေးဆွဲနိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေကြတာပါ။

ဒီလုပ်ငန်း အကောင်အထည်ဖော် အောင်မြင်ဖို့အတွက် သက်ဆိုင်ရာဌာန အသီးသီးနဲ့ ပူးပေါင်းပြီး ယာဉ်ကြော အသွားအလာ ထိန်းချုပ်စီမံရေး၊ မြို့တွင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ပြုပြင် တည်ဆောက်ရေးအပိုင်း၊ ဒီဇိုင်းပိုင်းနဲ့ ထုတ်လုပ်ရေးပိုင်းတွေကို ပူးပေါင်း လေ့လာနေကြပါပြီ။

လက်ရှိမှာတော့ ခရီးသွားဧည့်သည်တွေဟာ Charles de Gaulle နိုင်ငံတကာလေဆိပ်ကြီးကနေ မြို့ထဲကို သွားမယ်ဆိုရင် ၃၅ မိနစ်လောက် တက္ကစီ စီးသွားရသလို ရထား၊ ဒါမှမဟုတ် ဘတ်စ်ကားနဲ့ သွားမယ်ဆိုရင် ၄၅ မိနစ်ကနေ မိနစ် ၉၀ နီးပါး အချိန်ယူရပါတယ်။

ဒီနှစ် အကုန်ပိုင်းလောက်မှာ ပါရီမြို့တော်တဝိုက်မှာ မိုးပျံတက္ကစီတွေ ရပ်နားဆိုက်ကပ်နိုင်မယ့် နေရာတွေ စတင် အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ ၁၈ လအတွင်းမှာ စီစဉ်ထားတဲ့အတိုင်း နေရာတွေ တည်ဆောက်ပေးနိုင်တယ်ဆိုပေမယ့် ကုန်ကျစရိတ် ယူရိုငွေ ၁၀ သန်းလောက် ရင်းနှီးငွေ လိုအပ်တယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။

မိုးပျံတက္ကစီ စီမံကိန်းကို အကောင်အထည် ဖော်နေတာ Airbus ကုမ္ပဏီ တခုတည်းတော့ မဟုတ်ပါဘူး။ Uber ကလည်း နာဆာနဲ့ အတူ ပူးပေါင်းပြီး လျှပ်စစ်သုံး မိုးပျံတက္ကစီ အစီအစဉ်ကို လုပ်ဆောင်နေပြီး ၂၀၂၀ ခုနှစ်မှာ ပထမဆုံး တစီးကို စတင် စမ်းသပ်မောင်းနှင်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် တခြားပြိုင်ဘက် ကုမ္ပဏီတွေကလည်း ၂၀၂၃ ခုနှစ်မှာ မိုးပျံယာဉ်တွေ စီးပွားဖြစ် ပြေးဆွဲနိုင်ဖို့ စီမံကိန်းတွေ အကောင်အထည်ဖော်နေပြီလို့ ကြေညာထားခဲ့ပါတယ်။

Uber ရဲ့ အစီအစဉ်မှာတော့ ဦးဆုံး မိုးပျံတက္ကစီကို အမေရိကန် Dallas နဲ့ LA မြို့ကြီးတွေမှာ စတင်ပြေးဆွဲပြီး ဒုတိယအနေနဲ့ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမှာ တိုးချဲ့ ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ဘိုးရင်းနဲ့ Roll-Royce ကုမ္ပဏီတွေကလည်း မိုးပျံယာဉ် အစီအစဉ် အကောင်အထည်ဖော်ဖို့ တရားဝင် ကြေညာထားပါတယ်။

Ref: CNN Travel

You may also like these stories:

ရှေ့နှစ်အတွင်း မောင်းသူမဲ့အငှားယာဉ် အစီးရေ ၁ သန်းကျော် ပြေးဆွဲမှာဖြစ်ကြောင်း Tesla ပြောကြား

အော်တိုဂီယာ မောင်းမယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ

Volvo ရဲ့ မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကား စင်ကာပူမှာ စမ်းသပ် ပြေးဆွဲမည်

၂၀၂၁ ခုနှစ်မှာ လမ်းမတွေပေါ် မောင်းသူမဲ့ကားတွေ ရောက်လာမှာဖြစ်ကြောင်း UK အစိုးရ ပြောကြား

Loading