ကမ္ဘာ့ပထမဆုံး ဘက်ထရီစွမ်းအင်သုံး အပျော်စီးသင်္ဘော မြောက်ဝင်ရိုးစွန်းဆီ စတင် ထွက်ခွာ
ဓာတ်ဆီအင်ဂျင်နဲ့ ဘက်ထရီပါဝါ ပေါင်းစပ် မောင်းနှင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး အပျော်စီးသင်္ဘော Roald Amundsen ဟာ ပထမဆုံး ခရီးစဉ် စတင်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ တချို့သင်္ဘောကြီးတွေတောင် ခုတ်မောင်းဖို့ ခဲယဉ်းတဲ့ လမ်းကြောင်းကို ပထမဆုံး ဖြတ်သန်းမယ့် ဘက်ထရီစွမ်းအင်သုံး သင်္ဘော ဖြစ်ပါတယ်။
MS Roald Amundsen သင်္ဘောကို ယခုတပတ်အတွင်း နော်ဝေးနိုင်ငံ၊ ထရွန်ဆိုးမြို့ကနေ စတင် ကမ်းထွက်မှာ ဖြစ်ပါတယ်။ အနောက်မြောက် ရေလမ်းကြောင်းအတိုင်း အလက်စကာကို ခုတ်မောင်းသွားပြီး၊ အဲဒီနောက် တောင်စူးစူးကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။ အန္တာတိကကို အောက်တိုဘာလလောက်မှာ ရောက်ရှိမယ်လို့ သိရပါတယ်။
သင်္ဘောနာမည်ကိုတော့ အနောက်မြောက် ရေလမ်းကြောင်းကို ဖြတ်သန်းကာ မြောက်ဝင်ရိုးစွန်းကို ပထမဆုံး ရောက်ရှိခဲ့တဲ့ Roald Amundsen ကို အစွဲပြုပြီး ပေးထားတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ ပင်လယ်ပြင်အခြေအနေတို့မှာ ခုတ်မောင်းနိုင်ဖို့ အဓိက ဒီဇိုင်းဆွဲထားပြီး၊ ခရီးသည် ၅၀၀ အထိ တင်ဆောင်နိုင်ပါတယ်။ သင်္ဘောပေါ်မှာ ကိရိယာအပြည့်အစုံပါ သိပ္ပံဓာတ်ခွဲခန်းတခု၊ စူးစမ်းလေ့လာရန် ကုန်းပတ်၊ ရေကူးကန်၊ ချွေးထုတ်ခန်း၊ ကျန်းမာရေးစင်တာ၊ စားသောက်ဆိုင်သုံးခု၊ ဘား၊ ခန်းမတွေ အပြည့်အစုံ ပါဝင်မှာပါ။
Roald Amundsen သင်္ဘောရဲ့ အင်ဂျင်တွေကိုတော့ သင်္ဘောဆီနဲ့ပဲ အဓိက မောင်းနှင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်္ဘောပေါ်မှာ ဘက်ထရီတောင့်တွေလည်း ပါဝင်တာကြောင့် ကောင်းမွန်တဲ့ အခြေအနေမှာ ၄၅ မိနစ်ကနေ မိနစ် ၆၀ အထိ ဘက်ထရီစွမ်းအင်ပဲ သုံးပြီး မောင်နှင်နိုင်ပါတယ်။ ဘက်ထရီတောင့်တွေဟာ သင်္ဘောရဲ့ ဆီသုံးစွဲမှုကို လျော့ချပေးနိုင်မှာ ဖြစ်သလို၊ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း ၂၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ Hurtigruten သင်္ဘောလိုင်းရဲ့ CEO က ပြောကြားခဲ့ပါတယ်။
“အင်ဂျင်က ထွက်လာတဲ့ အပိုစွမ်းအင်တွေကို မလိုအပ်တဲ့အချိန်မှာ ဘက်ထရီထဲ သွင်းထားပေးပြီး၊ လိုတော့မှ အင်ဂျင်ကို စွမ်းအင်ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။ အားပြန်သွင်းဖို့ စက် သက်သက် မလိုဘဲ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာ လျှော့ချနိုင်မယ့် နည်းလမ်းတခု ဖြစ်ပါတယ်” လို့ CEO Daniel Skjeldam က ပြောပါတယ်။
သင်္ဘောခုတ်မောင်းဖို့အတွက် ဘက်ထရီနည်းပညာဟာ ခရီးတို ထွက်ဖို့အတွက်တောင် အစပျိုးစ အဆင့်မှာပဲ ရှိသေးပါတယ်။ တချို့ ဆိပ်ကမ်းတွေမှာတော့ ဘက်ထရီသွင်းဖို့ နေရာတွေ ထားပေးထားပါတယ်။
“ရှေ့လာမယ့် နှစ်တွေအတွင်း သင်္ဘောလုပ်ငန်းမှာ ဘက်ထရီတွေက အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်လာတော့မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ သင်္ဘောကိုတော့ ဘက်ထရီတခုတည်းနဲ့ မောင်းနှင်နိုင်ဖို့အထိတော့ မမျှော်မှန်းထားပါဘူး။ ဘာလို့လည်းဆိုတော့ သင်္ဘောဆိုတာမျိုးက အားပြန်သွင်းစရာနေရာ မရှိတဲ့ အရပ်တွေမှာလည်း ရက် ၂၀ လောက် မောင်းနေရတာမျိုးကို” လို့ Skjeldam က ဆိုပါတယ်။
လောလောဆယ်တော့ နော်ဝေးနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ Bergen မှာပဲ သင်္ဘောဘက်ထရီ အားပြန်သွင်းပေးတဲ့ ဝန်ဆောင်မှုမျိုး ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ နော်ဝေး ကမ်းရိုးတန်းတလျှောက် ရေလမ်းကြောင်းတွေမှာ အားသွင်းဖို့ အခြေခံ အဆောက်အအုံတွေ တိုးတက်လာမယ်လို့ Hurtigruten ကုမ္ပဏီက မျှော်လင့်ထားပါတယ်။
ယခုထက်ပိုကြီးတဲ့ သင်္ဘောကြီးတွေမှာ ဘက်ထရီ အသုံးပြုနိုင်ဖို့အတွက်က ပိုစွမ်းအင်ကောင်းပြီး၊ ပေါ့ပါးတဲ့ ဘက်ထရီစနစ်တွေ ထုတ်လုပ်နိုင်ဖို့အပေါ်မှာလည်း မူတည်နေပါတယ်။ သင်္ဘောတွေအတွက် ဘက်ထရီနည်းပညာဟာ လုံးဝ တိုးတက်ပြောင်းလဲဖို့ ရှိတယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဘက်ထရီတွေ ပိုကောင်းလာရင် တပ်ဆင်ဖို့အတွက်လည်း သင်္ဘောပေါ်မှာ နေရာချန်ထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။
Hurtigruten ကုမ္ပဏီကို ဒုတိယမြောက် ဓာတ်ဆီ-ဘက်ထရီ နှစ်မျိုးသုံး ဟိုက်ဘရစ် အပျော်စီးသင်္ဘောတစီး ထုတ်ပေးဖို့အတွက်လည်း အမှာရထားပြီးသား ဖြစ်ပါတယ်။ ဒီသင်္ဘောမှာတော့ ယခု Rolad Amundsen သင်္ဘောက ဘက်ထရီထက် ပမာဏနှစ်ဆပိုကြီးတဲ့ ဘက်ထရီပါဝင်လာမှာပါ။ ယခုနှစ်ကုန်ပိုင်းအတွင်း အပြီးဆောက်ပြီး၊ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။
Ref: Reuters, Sea News
You may also like these stories:
၂၀၂၄ အိုလံပစ်ပွဲတော်မှာ ပါရီမြို့ထဲ မိုးပျံတက္ကစီ ပြေးဆွဲရန် စီစဉ်ထား
Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်
ယာဉ်မောင်းထိုင်ခုံ မပါတဲ့ Volvo မောင်းသူမဲ့ ကုန်တင်ကားကို ဆွီဒင်မှာ စတင် ပြေးဆွဲ