ရာသီဥတု ပြောင်းလဲမှုနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ပြေလည်စေခဲ့တဲ့ လျှပ်စစ်ကားတွေမှာ အခြားပြဿနာတွေ ရှိလာပါတယ်။ လောင်စာဆီ မလိုဘဲ ကာဗွန်ထုတ်လုပ်မှု မရှိတဲ့အတွက်ကြောင့် သာမန်ကားတွေလို အသံထုတ်လုပ်မှုတွေကို လျှပ်စစ်ကားတွေမှာ မရနိုင်ပါဘူး။
မျက်စိ မမြင်သူများနဲ့ အကြားအာရုံကို အဓိကထားပြီး နေရတဲ့လူတွေဟာ လျှပ်စစ်ကားတွေရဲ့ အသံကို မကြားရတာကြောင့် အနားမှာ ကားရှိ၊ မရှိ ဆိုတာကို မသိနိုင်တော့တဲ့အတွက် အန္တရာယ်တွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ဇူလိုင်လ ၁ ရက်နေ့က စပြီး ရောင်းချမယ့် လျှပ်စစ်ကားတိုင်းကို ဆူညံသံတု ထည့်သွင်းရမယ်ဆိုတဲ့ စည်းမျဉ်း ထွက်ရှိလာပါတယ်။
ကားတွေဟာ နောက်ဆုတ်တဲ့ အချိန်မှာ အသံနဲ့ သတိပေးတဲ့စနစ် ပါဝင်ရမှာ ဖြစ်ပြီး တနာရီကို ၁၂ မိုင်အောက် မောင်းနှင်တဲ့အခါမှာလည်း အသံနဲ့ သတိပေးစနစ် (AVAS) ပါဝင်ရမယ်လို့ UK အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ ထုတ်လုပ်ရောင်းချမယ့် ကားအားလုံးကို ဇူလိုင်လ ၁ ရက်နေ့က စပြီး အသံစနစ် ထည့်သွင်းပြီးမှ ရောင်းချရမှာ ဖြစ်ပြီး ယခင်က ရောင်းချပြီး ဖြစ်တဲ့ကားတွေကိုတော့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ လျှပ်စစ်ကားအားလုံး ဆူညံသံတု ထည့်သွင်းပြီး ဖြစ်ရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
ဒီလို ဆူညံသံတု တပ်ဆင်ဖို့ အတွက် အင်္ဂလန်နိုင်ငံ တော်ဝင်အမျိုးသား မျက်မမြင် လူထုအဖွဲ့အစည်းက လူထုဗဟိုပြုတဲ့ လှုပ်ရှားမှုတွေကို တနှစ်ကျော် ပြုလုပ်ခဲ့ပြီးနောက် အစိုးရက အခုလို ဥပဒေအသစ် ပြဌာန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ ဆူညံသံအတုကို ထည့်သွင်းရာမှာ သာမန် ကားအင်ဂျင်သံလိုပဲ ဖြစ်ရမှာ ဖြစ်ပြီး သာမန်ကားသံတွေထက် အသံကျယ်ခွင့် မရှိဘူးဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြဌာန်းထားပါတယ်။
Ref; CNN
You may also like these stories:
၂၀၂၄ အိုလံပစ်ပွဲတော်မှာ ပါရီမြို့ထဲ မိုးပျံတက္ကစီ ပြေးဆွဲရန် စီစဉ်ထား
Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်
ယာဉ်မောင်းထိုင်ခုံ မပါတဲ့ Volvo မောင်းသူမဲ့ ကုန်တင်ကားကို ဆွီဒင်မှာ စတင် ပြေးဆွဲ
မောင်းသူမဲ့ ကားတစီးကို Huawei ဖန်တီးနေ