Automobile

၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်

Want create site? Find Free WordPress Themes and plugins.

Mercedes နဲ့ BMW ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး မောင်းသူမဲ့ကားတွေ ထုတ်လုပ်မယ့် အစီအစဉ်ကို ယခုနှစ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ အဆိုပါကားတွေ ဈေးကွက်ဝင် ရောင်းချနိုင်မယ့် အချိန်ကိုပါ ထပ်မံ ကြေညာလိုက်ပါပြီ။

Mercedes နဲ့ BMW ဟာ လူသားယာဉ်မောင်း လုံးဝ ဝင်ထိန်းစရာ မလိုဘဲ အမြန်လမ်းမပေါ်မှာ အလိုအလျောက် မောင်းနှင်နိုင်တဲ့ Level 4 အဆင့် မောင်းသူမဲ့ကားတွေ ထုတ်နေတယ်လို့ ဆိုပါတယ်။ မောင်းသူမဲ့ကားနည်းပညာမှာ Level 0 ကနေ 5 အထိပဲ ရှိတာကြောင့် Level 4 က ဒုတိယအမြင့်ဆုံး ဖြစ်ပါတယ်။ Level 5 ဆိုရင်တော့ စတီယာရင်တောင် လိုမှာ မဟုတ်တော့ပါဘူး။

Mercedes တို့ ထုတ်မှာက Level 4 ဆိုတော့ ယာဉ်မောင်းကတော့ စတီယာရင်နောက်မှာ ရှိနေရဦးမှာပါ။ အလိုအလျောက် ပါကင်ထိုးစနစ် အပါအဝင် ယာဉ်မောင်းအကူ စနစ်မျိုးစုံ ပါဝင်မှာ ဖြစ်ပါတယ်။ အများပြည်သူထံ ၂၀၂၄ ခုနှစ်အမီ ရောင်းချနိုင်မယ်လို့ ကုမ္ပဏီနှစ်ခုက ခန့်မှန်းထားပါတယ်။

ဒီပရောဂျက်အတွက် BMW နဲ့ Mercedes ရဲ့ မိခင်ကုမ္ပဏီ Daimler တို့က သက်ဆိုင်ရာ နည်းပညာရှင်ပေါင်း ၁,၂၀၀ ဦးကို ပူးပေါင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ မြူးနစ်မြို့မှာရှိတဲ့ BMW ရဲ့ မောင်းသူမဲ့ကားစမ်းသပ်ဝင်းနဲ့ Daimler ရဲ့ မောင်းသူမဲ့ကား စမ်းသပ်စင်တာ ၂ ခုမှာ အကောင်အထည် ဖော်သွားမှာပါ။

ဆန်ဆာ၊ ဆော့ဖ်ဝဲ နဲ့ ယာဉ်မောင်းအထောက်အကူစနစ်မျိုးစုံအပြင် ဒေတာ စီမံသိမ်းဆည်းဖို့အတွက် ဒေတာစင်တာ တခုကိုပါ အတူတကွ တည်ဆောက်သွားမယ်လို့ BMW က သတင်းထုတ်ပြန်ခဲ့ပါတယ်။ BMW နဲ့ Dailmer တို့ဟာ Level 4 မောင်းသူမဲ့ကားတွေအပြင် မြို့ပြဒေသတွေအတွက် စက်ရုပ်-တက္ကစီ နည်းပညာကိုလည်း ပူးပေါင်း ဖန်တီးဖို့ ဆွေးနွေးသွားဦးမှာ ဖြစ်ပါတယ်။

သီးသန့်ပရောဂျက်အနေနဲ့ BMW ဟာ လာမယ့်နှစ်ထဲမှာ Level 3 မောင်းသူမဲ့ကားတစီး ထုတ်ရောင်းဖို့ ရှိပါတယ်။ Daimler ကလည်း Bosh နဲ့ ပေါင်းပြီး မြို့ပြမောင်းသူမဲ့ကားစီမံကိန်းတခုကို ဒီနှစ်ထဲ အကောင်အထည်ဖော်သွားဦးမှာပါ။

ဥရောပရဲ့ အကြီးဆုံးကားကုမ္ပဏီတွေဖြစ်တဲ့ Volkswagen နဲ့ Ford တို့ကလည်း မောင်းသူမဲ့ကားနဲ့ လျှပ်စစ်ကားတွေကို ပူးပေါင်းထုတ်ဖို့ ဆွေးနွေးလျက် ရှိပါတယ်။

Ref: Engadget, Tech Crunch

You may also like like these stories:

ဥရောပက လျှပ်စစ်ကားတွေမှာ ဆူညံသံတု ထည့်သွင်းရန် အမိန့်ချမှတ်

Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်

မောင်းသူမဲ့ ကားတစီးကို Huawei ဖန်တီးနေ

အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်နိုင်တဲ့ စက်ရုပ်ပါ မောင်းသူမဲ့ကားကို Ford ပြသ

Did you find apk for android? You can find new Free Android Games and apps.
Loading