ယာဉ်မောင်း မပါဘဲ အလိုအလျောက် မောင်းနှင်နိုင်တဲ့ ပေါင်မုန့်လုံးပုံစံ Pod ယာဉ်တွေကို အင်္ဂလန်နိုင်ငံ၊ ဘရစ်စတို လေဆိပ် လမ်းတွေပေါ်မှာ စတင် စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။ မောင်းသူမဲ့ Pod နည်းပညာကို အကောင်အထည်ဖော်မယ့် Capri ပရောဂျက်ရဲ့ ရှေ့ပြေး စမ်းသပ်မှုတခု ဖြစ်ပြီး၊ Capri ဟာ ယခု စမ်းသပ်မှုအတွက် ရင်းနှီးမြှုပ်နှံငွေ ပေါင် ၄ ဒဿမ၂ သန်း ရရှိထားပြီး ဖြစ်ပါတယ်။
Capri ဟာ Pods တွေကို အရင်က ကြိုတင်သတ်မှတ်ထားတဲ့ လမ်းမတွေနဲ့ ခြေလျင်သွားသူတွေအတွက် သီးသန့် လမ်းတွေမှာပဲ စမ်းသပ်ခဲ့ဖူးပါတယ်။ ယခု တကြိမ်မှာတော့ ဘရစ်စတိုလေဆိပ် ဂိတ်ဝကနေ ကားပါကင်အထိ ပေပေါင်း ၁,၈၀၀ အကွာအဝေးကို ပြေးဆွဲ စမ်းသပ်သွားမှာပါ။
စက်ဘီးစီးသူတွေ၊ ကလေးသူငယ်တွေနဲ့ အာရုံများနေနိုင်တဲ့ လူတွေအကြားမှာ မောင်းသူမဲ့ Pod တွေ အန္တရာယ်ကင်းကင်း ပြေးဆွဲနိုင်ဖို့အတွက် စမ်းသပ်နေတာဖြစ်တယ်လို့ Capri က ပြောကြားခဲ့ပါတယ်။
လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်တဲ့ Pod တွေဟာ လေဆိပ်ရဲ့ မြေပြင် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း ကူညီလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ Pod တွေရဲ့ မူလ ဖန်တီးသူက ဘရစ်စတိုမြို့ အခြေစိုက် Advanced Transport Systems ကုမ္ပဏီ ဖြစ်တာကြောင့် ဘရစ်စတိုလေဆိပ်မှာပဲ စမ်းသပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခုစမ်းမယ့် Pod တွေကိုတော့ Westfield Technology က ထုတ်ပေးထားတာပါ။
“Pod ဒီဇိုင်းက ဘရစ်စတိုဒေသက ထွက်လာတာဆိုတော့ ဒီမှာ ပြန်လာစမ်းသပ်ရတာကို တကယ် ဝမ်းသာမိပါတယ်။ ဒီယာဉ်တွေက သွားလိုရာကို အလိုအလျောက် လမ်းကြောင်းရှာပြီး ပို့ပေးနိုင်ပါတယ်။ အကယ်၍ ယာဉ်ရှေ့ကို တယောက်ယောက် ဖြတ်လျှောက်လာတာနဲ့ အရှိန် နှေးသွားမှာပါ”လို့ Westfield Technology ရဲ့ CEO ဖြစ်သူ ဒေါက်တာ ဂျူလီယန်တာနာက ပြောပါတယ်။
ဟိသရိုးလေဆိပ်မှာ မောင်းသူမဲ့ Pods တွေ ပြေးဆွဲနေတာ ဆယ်စုနှစ် တခုနီးပါး ရှိနေပါပြီ။ ဘရစ်စတို လေဆိပ်ကို အခုမှ ရောက်လာတဲ့ အကြောင်းရင်းကတော့ အများသုံး လမ်းတွေကြောင့်ပါ။ သီးသန့် လမ်းကြောင်းတွေမှာ မကြုံရတဲ့ အခက်အခဲများစွာကို အများသုံးလမ်းတွေမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
မောင်းသူမဲ့ကားတွေကိုလည်း ကမ္ဘာ့အနှံ့မှာ အောင်မြင်စွာ စမ်းသပ်ပြေးဆွဲနေပြီ ဖြစ်ပေမယ့် ယခုအချိန်ထိ သီးသန့်လမ်းတွေ ပေါ်မှာပဲ ရှိပါသေးတယ်။ စမ်းသပ်လမ်းတွေမှာ ကပ်ပါလာတဲ့ ကားမျိုး မရှိသလို လမ်းပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ ကလေးတွေလည်း မရှိပါဘူး။ ဖုန်းထဲ အာရုံရောက်ပြီး လမ်းဖြတ်ကူးနေသူတွေလည်း မကြုံရပါဘူး။
မောင်းသူမဲ့ကားတွေ အများသုံးလမ်းပေါ် တက်ပြီး စမ်းတယ်ဆိုရင်လည်း ကားထဲမှာ အင်ဂျင်နီယာတယောက်လောက်တော့ မဖြစ်မနေ လိုက်ပေးရပါတယ်။ အရေးပေါ်အခြေအနေကြုံလာရင် ရပ်ရမယ့် ခလုတ်ကို မလွတ်တမ်း ကိုင်ပြီး လိုက်ပေးရတာပါ။
ဘရစ်စတို လေဆိပ်ကတော့ မောင်းသူမဲ့ Pod တွေ စမ်းသပ်ဖို့ အကောင်းဆုံး နေရာတခု ဖြစ်မှာပါ။ လေဆိပ် ဂိတ်အဆောက်အဦကနေ ရက်ရှည် ကားပါကင်တွေအထိပဲ လမ်းကြောင်းတိုတို ပြေးမှာ ဖြစ်ပေမယ့် လေဆိပ်ဆိုတဲ့အတိုင်း လူတွေ၊ ယာဉ်တွေ ပျားပန်းခတ် သွားလာလှုပ်ရှားနေမှာပါ။
Capri မောင်းသူမဲ့ Pod တွေအနေနဲ့ နေ့စဉ် အခက်အခဲ အတားအဆီးတွေကို ဘေးအန္တရာယ် ကင်းကင်းနဲ့ ပြေးဆွဲနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ တကမ္ဘာလုံးက မောင်းသူမဲ့ကား အင်ဂျင်နီယာတွေလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။
Ref: BBC
You may also like these stories:
Volvo ရဲ့ မောင်းသူမဲ့ လျှပ်စစ်ဘတ်စ်ကား စင်ကာပူမှာ စမ်းသပ် ပြေးဆွဲမည်
အလိုအလျောက် မြက်ရိတ်စက်ရုပ်ကို iRobot ပြသ
Gatwick လေဆိပ်တွင် အလိုအလျောက် ကားပါကင်ထိုးပေးမည့် စက်ရုပ်များ အသုံးပြုမည်