တန်ဖိုးကြီးစူပါကားတွေကိုချပြလေ့ရှိတဲ့ Bugatti ကားဟာ ဒီတကြိမ်မှာလည်း အစီးရေအကန့်အသတ်နဲ့ရောင်း ချမယ့် စူပါကားတစီးကို ထုတ်ပြလိုက်ပြန်ပါပြီ။ အမေရိကန်ဒေါ်လာ ၉ သန်းကျော် တန်ဖိုးရှိပြီး စီးရေ ၁၀ စီး ပဲ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။
၁၉၉၀ ပြည့်နှစ်ကထုတ်လုပ်ခဲ့တဲ့ EB110 အမျိုးစားကို ဂုဏ်ပြုမှီငြမ်းကာ ဂန္တဝင်စတိုင်စူပါကားကို ထုတ်လုပ်ဖို့ စီစဉ်တာပါ။ Bugatti Centodieci လို့နာမည်ပေးထားပြီး Centodieci ဆိုတာ အီတလီဘာသာစကားနဲ့ နံပါတ် ၁၁ လို့ အဓိပ္ပာယ်ရပါတယ်။
Volkswagen ကုမ္ပဏီက ၁၉၉၈ ခုနှစ်မှာ Bugatti အမှတ်တံဆိပ်ကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ခေတ်သစ်ဒီဇိုင်း တွေကို ထုတ်လုပ်လာခဲ့ရာ Bugatti ဟာ ချမ်းသာကြွယ်ဝမှုရဲ့ အမှတ်သင်္ကေတလို့တောင် ရည်ညွန်းရတဲ့ထိ တန်ဖိုးကြီး မြန်နှုန်းမြင့်စူပါကားတွေကို ထုတ်လုပ်လာတာပါ။
Bugatti ဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ Veryon အမျိုးအစားကို တဆင့်ပြီးတဆင့် ပြင်ဆင်မွမ်းမံ ရောင်းချခဲ့သလို၊ ၂၀၁၆ ခုနှစ် မှာတော့ Bugatti အမှတ်တံဆိပ်အောက်ကနေ Chiron နာမည်နဲ့ အသစ်တစီး ကို ချပြခဲ့ပြန်ပါတယ်။
အမျိုးအစားနှစ်မျိုးလုံးကို မြန်နှုန်းမြင့်အင်ဂျင်တွေတပ်ဆင်ထားပြီး သက်သောင့်သက်သာရှိအောင် ဒီဇိုင်းဆွဲထား ပါတယ်။ Veyron ကတော့ တစီးကို အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်းတန်ဖိုးရှိပြီး Chiron ကတော့ တစီးကို အမေရိကန် ဒေါ်လာ ၃ သန်းဝန်းကျင်ရှိပါတယ်။
၂၀၁၈ Monterey ကားပြပွဲမှာလည်း Bugatti ဟာ အစီး ၄၀ ပဲထုတ်မယ့် ဒေါ်လာ ၆ သန်းတန်ဖိုးရှိ Divo အမျိုးအစားကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါ့ပြင် ၂၀၁၉၊ မတ်လမှာကျင်းပခဲ့တဲ့ Geneva ကားပြပွဲမှာလည်း ထုတ်လုပ်ခဲ့သမျှ အမျိုးအစားတွေထဲမှာ တန်ဖိုးအကြီးဆုံး ဒေါ်လာ ၁၉ သန်းနီးပါးတန်ဖိုးရှိ La Voiture Noire ကို ရောင်းချခဲ့ပေမယ့် ဝယ်ယူသွားတဲ့ ပိုင်ရှင်အမည်ကိုတော့ ထုတ်ဖော်ခဲ့ခြင်းမရှိပါဘူး။
အခုကန့်သတ်ထုတ်လုပ်ရောင်းချမယ့် Bugatti Centodieci ဟာ မြင်းကောင်ရေအား ၁၆၀၀ ကျော်ရှိပြီး Chiron ထက် မြင်းကောင်ရေ ၁၀၀ ကျော် ပိုများပါတယ်။ ဒါ့ပြင် Chiron ကိုယ်ထည်ထက် ပိုပေါ့ပါးပြီး ၂ ဒဿမ ၄ စက္ကန့်မှာ တနာရီကို မိုင် ၆၀ နှုန်းနဲ့ မောင်းနှင်နိုင်ပေမယ့် အမြင့်ဆုံးနှုန်းကတော့ တနာရီကို ၂၃၆ မိုင်ထိပဲရလို့ Chiron ထက်လျော့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ Centodieci အမျိုးအစား ၁၀ စီးကို ကြိုတင်ရောင်းချပေးခဲ့ပြီး ဝယ်ယူသူတွေဟာ သူတို့ကြိုက် နှစ်သက်ရာ ကားကိုယ်ထည်အရောင်ကို မှာယူခဲ့ကြပါတယ်။
Ref: cnn.edition