၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ လာမယ့်နှစ်၊ ဇူလိုင်လအတွင်း ကျင်းပ ပြုလုပ်သွားမှာပါ။ ဒီပွဲမှာ ဂျပန်အခြေစိုက် တိုယိုတာကားကုမ္ပဏီက တရားဝင် မော်တော်ယာဉ် ထောက်ပံ့သူအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
တိုယိုတာအနေနဲ့ တိုကျို အိုလံပစ်ပြိုင်ပွဲဟာ အိုလံပစ် သမိုင်းတလျှောက်မှာ မော်တော်ယာဉ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံး ပြိုင်ပွဲဖြစ်လာဖို့အတွက် ရည်မှန်းထားကြောင်း ပြောကြားလိုက်ပါတယ်။
တိုယိုတာအနေနဲ့ အိုလံပစ်ပြိုင်ပွဲအတွက် စုစုပေါင်း မော်တော်ယာဉ်အစီးရေ ၃,၇၀၀ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ယာဉ်အမြောက်အများ အသုံးပြုသွားမှာ ဖြစ်ပေမယ့် ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းစေဖို့အတွက် ၉၀ ရာခိုင်နှုန်းလောက်က လျှပ်စစ်စွမ်းအင်သုံး ယာဉ်တွေ ဖြစ်မယ်လို့ ဆိုပါတယ်။
ဘက်ထရီ-လျှပ်စစ်စွမ်းအင်သုံး ယာဉ် ၈၅၀ နဲ့ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ယာဉ် ၅၀၀ ကျော် ပါဝင်လာမှာပါ။ ယာဉ်အစီးရေ ၃,၇၀၀ ထဲမှာ ခရီးသည်တင် ဘတ်စ်ကားကြီးတွေကနေ တယောက်စီး စကူတာဘီးလေးတွေအထိ မျိုးစုံ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုကျိုအိုလံပစ်မှာ မောင်းသူမဲ့ကားအချို့လည်း ထည့်သွင်း အသုံးပြုသွားမယ်လို့ ပြောကြားထားပါတယ်။
၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲအတွက် တိုကျိုမြို့ကို ရောက်ရှိလာတဲ့ အားကစားသမားတွေနဲ့ တာဝန်ရှိသူတွေကို မောင်းသူမဲ့ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ပေးသွားဖို့ စီစဉ်ထားပါတယ်။ CES 2018 ပွဲမှာ ပြသခဲ့တဲ့ e-Palette လျှပ်စစ်ကား တဒါဇင်လောက်က အိုလံပစ်အားကစားသမားတွေ တည်းခိုနေထိုင်ရာ “အိုလံပစ်နဲ့ မသန်စွမ်းအိုလံပစ်ရွာ” အတွင်း မရပ်မနား ပြေးဆွဲပေးသွားမှာပါ။
e-Palette ကားတွေဟာ Level 4 အဆင့်ရှိ မောင်းသူမဲ့ကားတွေ ဖြစ်တာကြောင့် သတ်မှတ်ဧရိယာအတွင်း ယာဉ်မောင်း မလိုဘဲ အလိုအလျောက်မောင်းနှင်နိုင်ပါတယ်။ ဒါ့အပြင် အိုလံပစ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ပွဲမှာလည်း AI နည်းပညာတပ်ဆင်ထားတဲ့ တိုယိုတာ မောင်းသူမဲ့ကားတစီး လိုက်ပါလာမှာ ဖြစ်ပါတယ်။
2017 CES ပွဲမှာ ပြသခဲ့တဲ့ Concept-i ရှေ့ပြေးမော်ဒယ်ကားကို အသုံးပြုသွားမယ်လို့ တိုယိုတာက ပြောကြားထားပါတယ်။ ဒီကားရဲ့ အဓိကထူးခြားချက်ကတော့ လူသားတွေရဲ့ စိတ်ခံစားမှုကို ဖတ်နိုင်တဲ့ Yui အမည်ရ Artificial Intelligence (ဉာဏ်ရည်တုနည်းပညာ) ပါဝင်လာတာပါ။
e-Palette လိုပဲ မောင်းသူမဲ့ကားဖြစ်တာကြောင့် ယာဉ်မောင်းလိုအပ်မှာ မဟုတ်ပါဘူး။ အိုလံပစ်မီးရှူးတိုင်သယ်ဆောင်ပွဲမှာ အပြေးသမားတွေနဲ့ အတူ လိုက်ပါလာမှာ ဖြစ်သလို၊ မာရသွန်ပြေးပွဲမှာလည်း ရှေ့ဆုံးက ဦးဆောင်မောင်းနှင်သွားမှာ ဖြစ်ပါတယ်။
တိုယိုတာအနေနဲ့ အိုလံပစ်ပြိုင်ပွဲမှာ အသုံးပြုဖို့အတွက် အနာဂတ်ဆန်ဆန် APM ဂေါ့ဖ်ကားတစီးလည်း ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ ဒီကားကိုတော့ ပြိုင်ပွဲကျင်းပရာ အဆောက်အဦတွေထံ အားကစားသမားတွေ၊ ဝန်ထမ်းတွေကို သယ်ယူပို့ဆောင်ပေးဖို့နဲ့ လူနာတင်ယာဉ်အဖြစ် အသုံးချဖို့ ရည်ရွယ်ထားပါတယ်။
မော်တော်ယာဉ်တွေသာမက အိုလံပစ်ပြိုင်ပွဲမှာ အသုံးပြုဖို့အတွက် စက်ရုပ်တွေကိုလည်း တိုယိုတာက ထုတ်လုပ်ပေးလျက် ရှိပါတယ်။ လှံတံကောက်ပေးမယ့် စက်ရုပ်၊ သံလုံး သယ်ဆောင်ပေးမယ့် စက်ရုပ်၊ မသန်စွမ်း ပွဲကြည့်ပရိသတ်တွေကို ကူညီပေးမယ့် စက်ရုပ်၊ လူတဦးနဲ့ တဦး အပြန်အလှန် မြင်တွေ့စကားပြောနိုင်တဲ့ တယ်လီဖုန်းစက်ရုပ် စသဖြင့် စက်ရုပ်မျိုးစုံကို တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။
Ref: The Verge, Business-Standard, Digital Trends
You may also like these stories:
Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်
မောင်းသူမဲ့ ကားတစီးကို Huawei ဖန်တီးနေ
အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်နိုင်တဲ့ စက်ရုပ်ပါ မောင်းသူမဲ့ကားကို Ford ပြသ
ရှေ့နှစ်အတွင်း မောင်းသူမဲ့အငှားယာဉ် အစီးရေ ၁ သန်းကျော် ပြေးဆွဲမှာဖြစ်ကြောင်း Tesla ပြောကြား