အမေရိကန်နိုင်ငံရဲ့ အဝေးပြေးလမ်းမပေါ်မှာ Tesla ကားအမျိုးအစားတစီးဟာ Autopilot စနစ်ထားကာ မောင်းသူ အိပ်ပျော်နေတဲ့ ဗီဒီယိုတခု တွစ်တာ စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗီဒီယိုကို ရိုက်ကူးခဲ့သူကတော့ ကားနောက်ဘက်ကနေ ဆိုင်ကယ်စီးလာရင်း ရှေ့ခန်းမှာ မောင်းသူရော လိုက်လာသူ နှစ်ယောက်လုံး အိပ်ပျော်နေတာကို တွေ့ခဲ့ရပြီးနောက် ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။
ဆိုင်ကယ်စီးလာသူ Dakota Randall က မန်ချူးဆက်ပြည်နယ် အဝေးပြေးလမ်းမပေါ်မှာ စုံတွဲတတွဲ စီးလာတဲ့ကားဟာ နှစ်ယောက်လုံး အိပ်ပျော်နေပြီး ကားကိုလည်း အော်တို ယာဉ်မောင်းစနစ် ဖွင့်ထားပုံပဲလို့ ဆိုပါတယ်။ နှစ်ယောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး ဘယ်သူမှ ကားမောင်းနေတယ် ဆိုတာတောင် မသိတော့ပုံပဲလို့ သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
Autopilot ဖွင့်ပြီး အိပ်ပျော်နေတဲ့ ယာဉ်မောင်း ဗီဒီယို
Some guy literally asleep at the wheel on the Mass Pike (great place for it).
Teslas are sick, I guess? pic.twitter.com/ARSpj1rbVn
— Dakota Randall (@DakRandall) September 8, 2019
အိပ်မောကျနေတဲ့ နှစ်ယောက်လုံးကို နှိုးဖို့ Dakota တယောက် ဆိုင်ကယ်နဲ့ ဟွန်းတီးခဲ့ပေမယ့် အလုပ်မဖြစ် ခဲ့တာကြောင့် ရဲစခန်းသွားပြီး သူမြင်ခဲ့သမျှကို အကြောင်းကြားခဲ့ပါတယ်။
“နောက်ကနေ မောင်းလာရင်း ကားထဲမှာ တယောက်ယောက် အိပ်နေတယ်လို့တော့ မြင်လိုက်တယ်။ ဒါနဲ့ ကျိန်းသေအောင် ဘေးကနေ သေချာကြည့်လိုက်မှ ယာဉ်မောင်းရော၊ ဘေးက တယောက်ပါ နှစ်ယောက်လုံး အိပ်ပျော်နေတာ။ တယောက်ဆို ပေါင်ပေါ်တောင် ခေါင်းငိုက်စိုက် ကျနေပြီ”လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူက ရဲစခန်းကို ပြောပြခဲ့ပါတယ်။
Dakota ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဟာ စိုးရိမ်စရာ အခြေအနေ ဆိုပေမယ့်လည်း Auto မောင်းနင်လို့ရ တဲ့ ကားတွေမှာ အိပ်ပျော်နေတာကို အရေးယူတဲ့ ဥပဒေ မရှိသေးကြောင်း ရဲစခန်းက ပြန်လည် ဖြေကြားခဲ့ပါတယ်။ Autopilot စနစ်ပါတဲ့ Tesla ကားဟာ လိုအပ်ရင် ယာဉ်မောင်းက ဒီစနစ်ကို အသုံးပြုနိုင်တယ်ဆိုပေမယ့် လုံးလုံးလျားလျားတော့ ယာဉ်မောင်း ကိုယ်တိုင် မထိန်းချုပ်ဘဲ မနေသင့်ကြောင်း ဖော်ပြထားပါတယ်။
Tesla မှာ Autopilot စနစ် ထည့်ပေးထားတယ်ဆိုတာ မောင်းသူမဲ့ မောင်းနှင်ခိုင်းဖို့ မဟုတ်ပါဘူး။ ဒီစနစ် ဖွင့်လိုက်တာနဲ့ ယာဉ်မောင်းက သူတာဝန် မရှိတော့သလိုမျိုး လျစ်လျူမရူထားသင့်ဘူးလို့ Tesla ကားရဲ့ တာဝန်ရှိသူတွေက သတိပေး ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မောင်းသူမဲ့ Autopilot ထည့်ထားတဲ့ Tesla ကားတွေမှာ မတော်တဆမှုဖြစ်တာ ဒီတကြိမ်တည်း မဟုတ်တော့ပါဘူး။
သြဂုတ်လတုန်းကလည်း Autopilot ဖွင့်ပြီး အိပ်ပျော်နေတဲ့ ယာဉ်မောင်းတယောက် ဗီဒီယို ထွက်ပေါ်လာဖူးသလို အရင်ပတ်ကလည်း လော့စ်အိန်ဂျယ်လိစ်မြို့မှာ Autopilot ဖွင့်ပြီးမောင်းလာတဲ့ ကားတစီး အရေးပေါ် ပိတ်ထားတဲ့လမ်းကို မသိဘဲ အရှိန် မထိန်းနိုင်ဖြစ်ကာ မီးသတ်ကားတစီးကို တိုက်မိတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
Ref: CBS News
You may also like these stories:
အလိုအလျောက် မောင်းနှင်နိုင်တဲ့ Pod ယာဉ်တွေကို ဘရစ်စတို လေဆိပ်မှာ စမ်းသပ်
၂၀၂၄ မှာ Mercedes နဲ့ BMW ကားတွေကို အလိုအလျောက် မောင်းနှင်နိုင်မည်
တိုကျို အိုလံပစ် မီးရှူးတိုင် သယ်ဆောင်ပွဲတွင် တိုယိုတာ မောင်းသူမဲ့ ကားတစီး လိုက်ပါမည်
ယာဉ်မောင်းထိုင်ခုံ မပါတဲ့ Volvo မောင်းသူမဲ့ ကုန်တင်ကားကို ဆွီဒင်မှာ စတင် ပြေးဆွဲ