အမေရိကန် လေယာဉ်ကုမ္ပဏီကြီး ဘိုးရင်းနဲ့ ဂျာမန်ကားကုမ္ပဏီကြီး ပေါ်ရှေး (Porsche) တို့ အတူပူးပေါင်းကာ အနာဂတ်မှာ ပုံပေါ်လာမယ့်ယာဉ်ပျံတွေ ထုတ်လုပ်သွားမယ့် အကြောင်း ကြေညာလိုက်ပါတယ်။ မြို့ပြရဲ့ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းနိုင်မယ့်နည်းလမ်းအနေနဲ့ လေထဲမှာပါ ပျံသန်းနိုင်တဲ့ ယာဉ်ပျံတွေကို ဈေးကွက်ထဲရောက်တဲ့အထိ ထုတ်လုပ်ဖို့ အကောင်အထည် ဖော်သွားမှာပါ။
အတက်အဆင်း၊ အတင်အချ ဘက်စုံလုပ်နိုင်တဲ့ ယာဉ်ပျံမျိုးဖြစ်ပြီး လက်ရှိမှာ အသုံးပြုနေကြတဲ့ လျှပ်စစ်ကားတွေကို လေထဲမှာပါ ပျံနိုင်အောင် အဆင့်မြင့်တင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။
အတူပူးပေါင်း လုပ်ဆောင်မယ့် ကြေညာချက်မှာတော့ ထုတ်လုပ်မယ့် ကုန်ကျစရိတ်၊ အရင်းအနှီး၊ ဈေးကွက်ထဲ ရောင်းချနိုင်မယ့်အချိန် အတိအကျနဲ့ လျှပ်စစ်ယာဉ်ပျံ တစီးရဲ့ ဈေးနှုန်း စတဲ့ အသေးစိတ်အကြောင်းရာတွေကိုတော့ ကြေညာချက်ထဲမှာ မပြောသွားခဲ့ပါဘူး။
ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းတခုဖြစ်တဲ့ ပေါ်ရှေးဟာ လောင်စာဆီ ချွေတာရေးအနေနဲ့ ယခင်ကတည်းက လျှပ်စစ်ကားထုတ်လုပ်မှုကို တိုးချဲ့လုပ်ဆောင်သွားဖို့ ဆန္ဒရှိခဲ့ပြီး နောင် ၁၀ နှစ်မှာ လျှပ်စစ်ကားအစီးရေ ၂၂ သန်းကျော် ထုတ်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုခဲ့ဖူးပါတယ်။
ပေါ်ရှေးလုပ်ငန်းစုကြီးရဲ့ Sales and Marketing မှ အဖွဲ့ဝင်တဦးကလည်း “ကမ္ဘာ့အဆင့်မီ ကုမ္ပကြီးနှစ်ခုအတူ ပူးပေါင်းပြီး အနာဂတ်မှာ ဈေးကွက်ဝင်လာမယ့် လျှပ်စစ်ယာဉ်ပျံတွေကို ထုတ်လုပ်ဖို့ စီစဉ်နေတာပါ။ ရေရှည်မှာ ပျံသန်းနိုင်မယ့် ကားတွေဟာ ခရီးသွားလာဖို့အတွက် ရွေးချယ်လာနိုင်တဲ့ နည်းလမ်း အသစ်တွေ ဖြစ်လာနိုင်တယ်” လို့ ဆိုပါတယ်။
ဘိုးရင်းကုမ္ပဏီကလည်း ၂၀၁၈ ခုနှစ်အတွင်း သူ့ရဲ့ အရောင်းရဆုံး 737 Max ဂျက်လေယာဉ်ရဲ့ သီးခြား မတော်တဆမှု ဖြစ်ရပ်နှစ်ခုမှာ လူပေါင်း ၃၄၆ ဦးသေဆုံးခဲ့ရတာကြောင့် ဝင်ငွေ အရင်နှစ်တွေကထက် ကျဆင်းသွားပေမယ့်လည်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် အမြတ်ထွက်ခဲ့ပါသေးတယ်။
“ပေါ်ရှေးနဲ့ ဘိုးရင်းတို့ ပူးပေါင်းပြီး တိကျသေချာတဲ့ အင်ဂျင်ပိုင်း၊ ခေတ်မီ ကိုယ်ထည်ဒီဇိုင်းနဲ့ မြို့ပြလေကြောင်း ပို့ဆောင်ရေးအတွက် ဆန်းသစ်မှုတွေကို ယူဆောင်လာမှာပါ” လို့ ဘိုးရင်းကုမ္ပဏီကြီးရဲ့ General Manager ဖြစ်သူ Steve Nordlund က ဆိုပါတယ်။
Boeing ကုမ္ပဏီဟာ ယခင်ကလည်း ယာဉ်ပျံတွေ ထုတ်လုပ်ဖို့အတွက် Roll-Royce ကုမ္ပဏီကြီးနဲ့ အတူပူး ပေါင်းမယ့်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါသေးတယ်။
Ref: edition.cnn