စတီးလ်များနဲ့ ပြုလုပ်ထားပြီး ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၉,၉၀၀ တန်ဖိုးရှိတဲ့ Cybertruck ကားတွေကို အော်ဒါ မှာယူသူ ၂ သိန်းကျော် ရှိနေပြီလို့ Cybertrack ကားကို ထုတ်လုပ်တဲ့ Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချူပ် အီလွန်မာ့စ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Cybertruck ကားကို သရုပ်ပြ မိတ်ဆက်မှုတွေအတွင်း ရှက်စရာကောင်းလောက်အောင် အရှုံးပေါ်ခဲ့ပေမယ့် စိတ်ဝင်စားသူတွေလည်း သိန်းနဲ့ ချီ ရှိနေတာ ဖြစ်ပါတယ်။ Cybertruck ကို စိတ်ဝင်စားသူတွေ အနေနဲ့ Tesla ကုမ္ပဏီကို ပရီအော်ဒါကြေးအဖြစ် ဒေါ်လာ ၁၀၀ ပေးထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေါ်လာ ၃၉,၉၀၀ နဲ့ စတင်ရောင်းချမယ့် Cybertruck ကားဟာ မော်တာ ၁ လုံးတပ်၊ ၂ လုံးတပ်နဲ့ ၃ လုံးတပ်ဆိုတဲ့ အမျိုးအစား ၃ မျိုး ရှိမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးမော်ဒယ်ဟာ တခါ အားသွင်းပြီးရင် မိုင် ၂၅၀ အထိ သွားနိုင်မှာဖြစ်ပြီး ၆ ဒဿမ ၅ စက္ကန့်အတွင်းကို တနာရီ ၆၅ မိုင်အထိ အရှိန်တင်နိုင်မယ်လို့ သိရပါတယ်။
ဒီ Cybertruck ကားကို နိုဝင်ဘာလ ၂၁ရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ Tesla Design Center မှာ မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေထဲက ကားလို ပုံစံဖြစ်နေတာကြောင့် လှောင်ပြောင်မှုတွေလည်း ရှိနေခဲ့ပါတယ်။
ဒီကားရဲ့ ကိုယ်ထည် အကြမ်းခံနိုင်မှုကို စမ်းသပ်ပြချိန်မှာတော့ အလွဲအချော်တွေ ဖြစ်ခဲ့ပြီး အီလွန်မာ့စ်အနေနဲ့ အရှက်ကွဲစရာ ကိစ္စတွေကို ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို အလွဲအချော်တွေကြောင့် အီလွန်မာ့စ်ရဲ့ ငွေကြေးပိုင်ဆိုင်မှုဟာ အဲဒီ တရက်ထဲမှာပဲ ဒေါ်လာ သန်း ၇၀၀ ကျော် လျော့ကျသွားခဲ့တယ်လို့ စီးပွားရေး မဂ္ဂဇင်းတွေက ဆိုပါတယ်။ Tesla ရဲ့ ရှယ်ယာတွေလည်း ၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
Ref. Reuters
ဆက်စပ်ဖတ်ရှုရန်
Tesla က ပထမဆုံးပြည်ပစက်ရုံအတွက် ရှန်ဟိုင်းမှာ မြေနေရာ ဝယ်ယူ
BMW ကို ဘာကြောင့် ဝယ်စီးကြတာလဲ
သင့်ရဲ့ကားကို သူခိုး မကပ်အောင် ပြုလုပ်နည်း