အမေရိကန်နိုင်ငံမှာ Autopilot စနစ်တွေကြောင့် မတော်တဆမှုတွေ ဖြစ်နေတဲ့ Tesla ကားဟာ အခုလည်း ရဲကားကို တိုက်မိတဲ့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြန်ပါတယ်။ ဖြစ်ပွားချိန်မှာ Tesla ကားကို မောင်းသူမဲ့ Autopilot စနစ်ကိုဖွင့်ပြီး မောင်းလာခဲ့တာလို့ ဆိုပါတယ်။
ကားကို မောင်းနှင်လာတဲ့ ယာဉ်မောင်းဟာ နောက်ဘက်က အိမ်မွေးခွေးကို ကြည့်ချင်တာကြောင့် Autopilot ဖွင့်မောင်းခဲ့စဉ်မှာ အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ Norwalk ရှိ Interstate 95 မှာ ဒီဇင်ဘာ ၉ ရက် မနက်စောစော ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ရဲကားကတော့ ပျက်နေတဲ့ ကားနောက်မှာ ရပ်ထားတာဖြစ်ပြီး အဆိုပါ ကားကို ဆွဲဖို့ ထရပ်ကားစောင့်နေစဉ်မှာ အပြာရောင် အချက်ပြမီးလည်း ဖွင့်ထားတယ်လို့ ဆိုပါတယ်။ ရဲဌာနဘက်ကတော့ ယာဉ်မတော်တဆမှုမှာ ကား ၂ စီး ပျက်စီးခဲ့ပေမယ့် ဘယ်သူတဦးတယောက်မှ ထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
မောင်းသူမဲ့ Autopilot စနစ်ပါဝင်တဲ့ Tesla ကားတစီးကို အမေရိကန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၃၆,၀၀၀ က စပြီး ရောင်းချပေးပါတယ်။ ကားမှာ Autopilot စနစ် ထည့်သွင်းထားတာနဲ့ ပတ်သက်ပြီး ကားကုမ္ပဏီဘက်က အဆိုပါစနစ် ဖွင့်လိုက်တာနဲ့ ယာဉ်မောင်းမှာ လုံးဝ တာဝန် မရှိသလိုမျိုး မသတ်မှတ်ထားသင့်ဘူးလို့ သတိပေးပြောဆိုခဲ့ပေမယ့် ယာဉ်မောင်း တချို့ကတော့ ပေါ့ဆနေဆဲပါ။
ယာဉ်မောင်းကိုတော့ စည်ကမ်းမဲ့ ယာဉ်မောင်းနှင်မှုနဲ့ အရေးယူထားပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ မတော်တဆမှုဟာ Autopilot ပါတဲ့ Tesla ကားတွေအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ စက်တင်ဘာလတုန်းကလည်း အဝေးပြေး လမ်းမပေါ်မှာ Autopilot စနစ် ဖွင့်ထားပြီး အိပ်ပျော်နေတဲ့ ယာဉ်မောင်းဗီဒီယို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့သလို၊ သြဂုတ်လကလည်း Autopilot ဖွင့်ပြီး မောင်းလာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ မီးသတ်ကား တစီးကို တိုက်မိတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
Tesla ကားတွေရဲ့ မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ NTSB (National Transportation Safety Board) အဖွဲ့ကလည်း လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး Tesla ကား ကုမ္ပဏီဘက်က ဘာမှ မှတ်ချက် မပေးခဲ့ပေမယ့် Autopilot စနစ် ဖွင့်ထားတဲ့အခါ ယာဉ်မောင်းတွေကို လက်လွှတ် မစီးကြဖို့ သတိပေး ပြောဆိုထားပြီးသားလို့ ဆိုပါတယ်။
Ref: BBC
You may also like these stories:
ဝေးပြေးလမ်းပေါ် Autopilot ဖွင့်ပြီး အိပ်ပျော်နေတဲ့ ယာဉ်မောင်း ဗီဒီယို ထွက်ပေါ်လာ
အချိန် ၁ နာရီလောက်ကြာအောင် ကားမောင်းခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က ခွေးလေး
Bird Box စိန်ခေါ်မှု လုပ်ဆောင်ခဲ့တဲ့ ဆယ်ကျော်သက်များ ယာဉ်တိုက်မှု ဖြစ်ပွား