အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်စ်မြို့မှာ ယနေ့ ကျင်းပပြုလုပ်လျက်ရှိတဲ့ CES 2020 နည်းပညာပြပွဲမှာ ဂျပန်နည်းပညာကုမ္ပဏီ Sony က “Vision-S” အမည်ရ လျှပ်စစ်ကားတစီးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ကြိုတင် သတင်းထွက်ရှိထားသလို “PlayStation 5” ဂိမ်းစက်အသစ် မဟုတ်ဘဲ လျှပ်စစ်ကားတစီးကို ပြသခဲ့တာကြောင့် ပွဲလာပရိတ်သတ်အားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပါတယ်။
“Vision-S” ဟာ ကုမ္ပဏီရဲ့ မော်တော်ယာဉ် နည်းပညာ စွမ်းပကားကို ခင်းကျင်းပြသဖို့ ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား ရှေ့ပြေးမော်ဒယ် ဖြစ်ကြောင်း Sony က ပြောကြားခဲ့ပါတယ်။
ဆီဒန်အမျိုးအစား “Vision-S” လျှပ်စစ်ကားမှာ ကားအတွင်းအပြင်က လူနဲ့ အရာဝတ္ထုတွေကို သိရှိဖမ်းယူနိုင်တဲ့ CMOS နဲ့ ToF ဆန်ဆာ အပါအဝင် မတူညီတဲ့ ဆန်ဆာပေါင်း ၃၃ ခု အထိ တပ်ဆင်ထားပါတယ်။ ဒီဆန်ဆာတွေကို အသုံးပြုပြီး၊ အလိုအလျောက် မောင်းနှင်စနစ်၊ 360 Reality Audio ပတ်လည်အသံပြေးစနစ်နဲ့ အခြားလုပ်ဆောင်ချက် အမျိုးမျိုးကို အသုံးပြုနိုင်မှာပါ။
ကားတွင်းဒက်ရှ်ဘုတ်မှာ ရှည်လျားတဲ့ စခရင်တခုနဲ့ ရှေ့ထိုင်ခုံနှစ်ခု နောက်မှာ နောက်ခန်းက စီးနင်းမယ့်လူတွေအတွက် စခရင်တခုစီ ပါဝင်ပါတယ်။ လေးဘီးယက်စနစ် (All-wheel Drive System) နဲ့ ဖြစ်ပြီး၊ လျှပ်စစ်မော်တာနှစ်ခုက မြင်းကောင်ရေ ၅၃၆ ကောင် (၄၀၀ ကီလိုဝပ်) အားအထိ ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အမြင့်ဆုံး တနာရီ ၁၄၉ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။
Vision-S ဟာ Level 2 အဆင့်ရှိ မောင်းသူမဲ့ကား ဖြစ်တာကြောင့် အရှိန်၊ ဘရိတ်နဲ့ စတီယာရင်တို့ကို အလိုအလျောက် ထိန်းချုပ်ပေးနိုင်ပါတယ်။ သို့ပေမယ့် ယာဉ်မောင်းရဲ့ စောင့်ကြည့်မှုတော့ လိုအပ်ဦးမှာပါ။ ကားတခုလုံးကို စမတ်ဖုန်း App ကနေ တဆင့်လည်း ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။
ယခု ရှေ့ပြေးမော်ဒယ်ကို Bosch, Magna, BlackBerry နဲ့ BlackBerry အပါအဝင် ဈေးကွက်ဦးဆောင်ကုမ္ပဏီများစွာနဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ကြောင်း Sony ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကားရဲ့ အခြားအသေးစိတ်အချက်အလက်တွေကိုတော့ ပြောကြားထားခြင်း မရှိပါဘူး။
Vision-S ဟာ ကုမ္ပဏီရဲ့ မော်တော်ယာဉ်နည်းပညာကို ထုတ်ပြဖို့ ရည်ရွယ်ချက် သက်သက်နဲ့ ဖန်တီးထားတဲ့ ရှေ့ပြေးမော်ဒယ်ဖြစ်တာကြောင့် အမှန်တကယ် ထုတ်လုပ်သွားဖို့တော့ မရှိလောက်ပါဘူး။
Ref: The Verge, GIzmochina