ဆွီဒင်အခြေစိုက် Volvo Cars ကုမ္ပဏီက XC60 မော်ဒယ်စီးရီးကို ၂၀၀၈ ခုနှစ်ကတည်းက စတင် မိတ်ဆက်ခဲ့ တာဖြစ်ပြီး ထူးခြားချက်တခုအနေနဲ့ XC60 စီးရီးတွေက Volvo ရဲ့ ရောင်းအားအကောင်းဆုံး မော်ဒယ် တွေထဲမှာ ပါဝင် ခဲ့ပါတယ်။
XC60 မော်ဒယ်နဲ့ ပတ်သက်လို့ ၂၀၀၈ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ်အထိ ထွက်ခဲ့သမျှ မော်ဒယ်တွေကို ပထမ မျိုးဆက်အဖြစ် သတ်မှတ်ထားတာပါ။၂၀၁၇ ကနေ အခုအချိန်အထိ ထုတ်သမျှကတော့ ဒုတိယမျိုးဆက်တွေပါ။ အရင်က ပြည်တွင်းလမ်းမတွေထက်မှာ Volvo ကားတွေကို တွေ့ရနည်းပေမယ့် ယခုဆိုလျှင် Volvo Car များကို ပြည်တွင်း လမ်းမတွေပေါ်တွင်များစွာတွေ့ရှိနေရပါပြီ။
XC60 ရဲ့ အပြင်ပန်းသဏ္ဌာန်က အရွယ်အစားကျင်လျစ်တဲ့ SUV အမျိုးအစားဖြစ်ပေမယ့် ယာဉ်မောင်းအပါအဝင် ခရီးသည် အားလုံး သက်သောင့်သက်သာ စီးနင်းနိုင်အောင် အတွင်းခန်းဒီဇိုင်းကို ဖန်တီးပေးထားပါတယ်။ ထိုင်ခုံတွေကို အရည် အသွေးမြင့် သားရေတွေနဲ့ ချုပ်လုပ်ပေးထားတာကြောင့် ပရီမီယံဆန်တဲ့ ရသကို ပေးစွမ်းနိုင်ပြီး ထိုင်ခုံအနိမ့်အမြင့်ကို အလွယ်တကူ ချိန်ဆမှတ်သားနိုင်အောင်လည်း စီမံပေးထားပါတယ်။
အာဆီယံအခွန်ကောက်ခံမှုနှုန်းထားများအရ XC60 inscription 2020 ကို ဈေးနှုန်းအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၁၁၂,၀၀၀ မှ စတင်ပြီး ၂၀၂၀ ဇွန်လအကုန်တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ showroom များ၌ ဝယ်ယူရရှိနိုင်တော့မှာပါ။
XC60 Inscription မှာ 1,969cc 4-cylinder T6 Petrol အင်ဂျင် တပ်ဆင်ပေးထားပြီး မြင်းကောင်ရေ 320HP ရရှိမှာ ဖြစ်သလို Feature တခုဖြစ်တဲ့ 8-AT-AWD ဂီယာစနစ်နဲ့ တွဲဖက်ပေးထားတယ်။ အော်တိုဂီယာ ကားတွေမှာ ဂီယာချက်များလေလေ ဆီစားနှုန်း သက်သာပြီး စီးနင်းမောင်းနှင်ရတာ ငြိမ့်ညောင်းမှုရှိလေလေ ဖြစ်တာကြောင့် ဒီအော်တိုဂီယာရှစ်ချက်စနစ်ပါရှိတာဟာ ဇိမ်ခံကားစီးချင်သူတွေအတွက်အကြိုက်တွေ့ချင်စရာပါ။
Inscription မော်ဒယ်အတွက် အတွင်းခန်းမှာ 2-zone Electronic Climate Control စနစ် ပါဝင်သလို ခလုတ်တချက်နှိပ်ရုံနဲ့ အဖွင့်အပိတ်လုပ် နိုင်တဲ့ Panoramic Sunroof လည်း ထည့်ပေးထား တယ်။ Infotainment စနစ်အတွက် ၁၂.၃ လက်မ အရွယ်ရှိတဲ့ LCD မျက်နှာပြင်တခု ပါဝင်ပြီး အတွင်းခန်းကို ကျွန်းကွက်တွေနဲ့ ခြယ်မှုန်းထားပါတယ်။
ဒါ့အပြင် မောင်းနှင် နေစဉ်မှာ အတားအဆီးတခုခုနဲ့ ဝင်တိုးနိုင်ချေရှိရင် အသိပေး ကူညီနိုင်တဲ့ Collision Mitigation Support စနစ်၊ ပါကင် အလွယ်တကူ ထိုးနိုင်အောင် ကူညီပေးနိုင်တဲ့ Parking Assistance စတာတွေ အပါအဝင် အဆင့်မြင့် Feature (360 Camera, Pilot Assist) တွေလည်း အစုံအလင် ထည့်သွင်းပေးထားတယ်။ မောင်းနှင်သူ အနေနဲ့ Drive Mode မျိုးစုံ ပြောင်းလဲအသုံးပြုနိုင်သလို နောက်ပိုင်းထွက် SUV ကားတွေရဲ့ ဝိသေသတွေဖြစ်တဲ့ Hill Start Assist, Hill Descent Control စနစ် စတာတွေလည်း ပါဝင်တယ်။
ဖျော်ဖြေရေးအတွက် အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်တဲ့ Senses Navigation စနစ် ပါဝင်ပြီး အသံပိုင်းအတွက် High Performance စပီကာတွေကို အသုံးပြုပေးထားတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းမှုကို အသားပေးတဲ့ ကုမ္ပ ဏီက ထုတ်ထားတာကြောင့် ၂၀၂၀ မော်ဒယ်အပါအဝင် ထွက်ခဲ့သမျှ XC60 တွေက နာမည်ကောင်းရခဲ့သလို အန္တရာယ် ကင်းရှင်းရေးနဲ့ပတ်သက်တဲ့ ဆုများ ရရှိထားတာပါ။
XC60 Inscription မှာ ယာဉ်မောင်းသူအပါအဝင် ခရီးသည်အားလုံးအတွက် Air Bag တွေ အလုံအလောက် ထည့်သွင်းပေးထားပြီး ခရီးသည်တယောက် ခါးပတ်မပတ်တာနဲ့ အချက်ပြပေးတဲ့ စနစ်တွေလည်း ပါဝင်တယ်။
အရွယ်အစားကျစ်လျစ်တယ်ဆိုပေမယ့် မိသားစုသုံးကားအဖြစ်လည်း အသုံး ပြုနိုင်ပြီး မြို့တွင်း လမ်းတွေမှာ မောင်းနှင်တဲ့အခါမှာလည်း အဆင်ပြေစေပါလိမ့်မယ်။
You may also like these stories:
ယာဉ်မောင်းအားလုံး Mask တပ်ရန် Uber ထုတ်ပြန်
ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထားကို စတင်ပြေးဆွဲလိုက်ပြီဖြစ်တဲ့ တရုတ်နိုင်ငံ
လျှပ်စစ်ကား ရှေ့ပြေးမော်ဒယ်ကို ထုတ်ဖော်ပြသလိုက်တဲ့ Sony