ဇူလိုင်လအတွင်း COVID-19 ကူးစက်သူ အရေအတွက် ပြန်လည် မြင့်တက်ခဲ့ပါတယ်။ တည်ငြိမ်ပြီလို့ ထင်ထားတဲ့ နိုင်ငံတချို့မှာတောင် ကူးစက်သူ အရေအတွက် ပြန်မြင့်တက်နေတဲ့အတွက် Lockdown ချတာမျိုး ဆောင်ရွက်နေကြရပါတယ်။
ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ထားတဲ့ သတင်းတွေအရ ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူ ၁၂ ဒဿမ ၄ သန်း နီးပါး ရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက် ၅ သိန်းခွဲ ကျော်သွားခဲ့ပါပြီ။ ကူးစက်မှု မြင့်မားနေတဲ့ နိုင်ငံ ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ ၊ ရုရှားနဲ့ ပီရူးနိုင်ငံတို့ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူ အရေအတွက် ၇ ဒဿမ ၂ သန်းနီးပါး ရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာဆိုရင်လည်း အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ကူးစက်သူအရေအတွက် မြင့်မားနေတယ်လို့ သိရပါတယ်။ အီတလီနိုင်ငံအနေနဲ့လည်း COVID-19 ကြောင့် နိုင်ငံ ၁၃ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
အီတလီကျန်းမာရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့နိုင်ငံတွေကတော့ အာမေးနီးယား၊ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ ဘော့စ်နီးယားနဲ့ ဟာဇီဂိုဗီးနား၊ ချီလီ၊ ကူဝိတ်၊ မြောက်မက်စီ ဒိုးနီးယား၊ မော်လ်ဒိုဗာ၊ အိုမန်၊ ပနားမား၊ ပီရူးနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့ပဲ ဖြစ်ပါတယ်။
ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေကို ၁၄ ရက်အတွင်း သွားရောက် လည်ပတ်ခဲ့သူတွေကိုလည်း အီတလီနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။
ဂရိအာဏာပိုင်တွေ အနေနဲ့လည်း လာမယ့် ရက်သတ္တပတ်ကစပြီး အများပြည်သူ သွားရောက် လည် ပတ်ရာနေရာတွေနဲ့ ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်တွေကို ပြန်လည် ချမှတ်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာတော့ သမ္မတကိုယ်တိုင် COVID-19 ကူးစက်ခံနေရပြီး လူပေါင်း ၇ သောင်းနီးပါး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူ အရေအတွက် အနည်းဆုံး ၁၂၂၀ ယောက် ရှိခဲ့ပြီး ကူးစက်သူအရေအတွက် ၄၂,၆၁၉ ယောက်အထိ ရှိခဲ့တယ်လို့ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဘရာဇီးမှာ ကူးစက်သူအရေအတွက် ၂ သန်းနီးပါးအထိ ရှိလာခဲ့ပါပြီ။
Ref: thethaiger
You may also like these stories:
အာရှမှာ အင်ဒိုနီးရှားက ကိုဗစ်ကူးစက်မှု တတိယအများဆုံး ဖြစ်လာနိုင်
ကိုဗစ် ကုသမှုအတွက် remdesivir ဆေးကို ဒေါ်လာ ၂၃၄၀ ဖြင့် ရောင်းချမည်
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ ၃ သန်း ကျော်ပြီ