Coronavirus Update

သြစတြေးလျမှာ တရက်အတွင်း လူ ၅၀၀ ကျော် ကိုဗစ် ကူးစက်

သြစတြေးလျနိုင်ငံဟာ COVID-19 ဒုတိယလှိုင်း အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကစလို့ ကူးစက်သူ အရေအတွက် ပိုမိုများပြားလာနေပါတယ်။ ကူးစက်မှု အမြင့်ဆုံးကတော့ ဗစ်တိုးရီးယားပြည်နယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားပြည်နယ်ဟာ သြစတြေးလျနိုင်ငံမှာ ဒုတိယမြောက် အထင်ရှားဆုံး ပြည်နယ်လည်း ဖြစ်ပါတယ်။ ဒီကနေ့ အစီရင်ခံစာအရ ဗစ်တိုးရီးယားပြည်နယ်မှာ COVID-19 ကြောင့် လူ ၂ ယောက်သေဆုံးခဲ့ပြီး ၄၈၄ ယောက် ရောဂါကူးစက်ခံထားရပါတယ်။ အင်္ဂါနေ့မှာတော့ ကူးစက်သူ ၃၇၄ ယောက်ရှိခဲ့တဲ့အတွက် ကူးစက်နှုန်းက ဒီကနေ့မှာ ပိုများလာခဲ့ပါတယ်။

အသက် ၉၀ ကျော် အမျိုးသား ၂ ယောက်ဟာ လွန်ခဲ့တဲ့ညက တပြိုင်နက်တည်း သေဆုံးခဲ့တယ်လို့ ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒယ်နီယယ်အင်ဒရူးက မဲလ်ဘုန်းမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတော့ ဗစ်တိုးရီးယား ပြည်နယ်အတွင်း ကူးစက်မှု အမြင့်ဆုံးစံချိန်က ၄၂၈ ယောက်သာ ရှိခဲ့ပါတယ်။

ဗစ်တိုးရီးယားပြည်နယ် အစိုးရကလည်း ဒေသခံတွေအနေနဲ့ အိမ်ပြင်ထွက်တဲ့အခါ Mask တပ်ဆင်ဖို့ တိုက်တွန်းထားပြီး Mask မတပ်ဆင်သူတွေအနေနဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ ကြေညာထားပါတယ်။

တကျော့ပြန် ကူးစက်မှုနှုန်း မြင့်မားနေတဲ့ မဲလ်ဘုန်းမြို့ကိုလည်း ရက်သတ္တပတ် ၆ ပတ်ကြာတဲ့ အထိ Lockdown ချထားပါတယ်။ မဲလ်ဘုန်းဒေသခံတွေအနေနဲ့ အပြင်ထွက်တဲ့အခါ မဖြစ်မနေ Mask တပ်ဆင်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။

သြစတြေးလျ တနိုင်ငံလုံးအနေနဲ့ ဒီကနေ့မှာ ကူးစက်သူပေါင်း ၅၀၁ ယောက်အထိ ဗိုင်းရပ်စ်ကူးစက် ခံထားရပြီး အများဆုံးကတော့ ဗစ်တိုးရီးယားပြည်နယ်က ဖြစ်ပါတယ်။ လူဦးရေ ၂၅ သန်းသာ ရှိတဲ့ သြစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၃၀၀၀ နီးပါး ရှိနေပြီး ၁၂၈ ယောက် သေဆုံးခဲ့ပါတယ်။

ကူးစက်မှုအသစ်တွေ ထပ်မံ ဖြစ်ပွားနေတဲ့အတွက် သြစတြေးလျနိုင်ငံက မျှော်လင့်နေတဲ့ စီးပွားရေး နာလန်ပြန်ထနိုင်ဖို့ မျှော်လင့်ချက်တွေလည်း ပျောက်ဆုံးသွားခဲ့ရပါတယ်။ သြစတြေးလျ အစိုးရအနေနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ယုံကြည်ပြီးနောက်ပိုင်း ကန့်သတ်မှုတွေကို ပြန်လည် ရုတ်သိမ်း ပေးခဲ့ပါတယ်။

မဲလ်ဘုန်းမြို့မှာ ရောဂါပြန်လည် ပြန့်ပွားလာတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြရာမှာ ပြည်ပက ပြန်လာသူတွေဟာ Quarantine စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တာကြောင့်လို့ သိရပါတယ်။ ကမ္ဘာတဝှမ်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၅ သန်းကျော် ရှိနေပြီး ၆ သိန်းကျော် သေဆုံးခဲ့ပါတယ်။

Ref: CNA

You may also like these stories:

ဘရာဇီးဝန်ကြီးများ COVID-19 ကူးစက်ခံနေရ

မကာအိုမှာ Quarantine ဝင်ရမယ့် စည်းကမ်း ပယ်ဖျက်

ဥရောပနိုင်ငံတွေမှာ မဖြစ်မနေ Mask တပ်ကြဖို့ စည်းမျဉ်းထုတ်ပြန်

Loading