ပြည်တွင်းကူးစက်မှုတွေ လအတော်ကြာ ငြိမ်သက်အပြီး ကူးစက်မှုအသစ် ပြန်တွေ့ခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံမှာ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ရှိလာခဲ့ပါပြီ။
COVID-19 နဲ့ ပတ်သက်ပြီး စဖြစ်စဉ်အချိန်ကတည်းက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခဲ့တဲ့ ဗီယက်နမ်အတွက် ပထမဆုံး သေဆုံးမှုလည်းဖြစ်ပါတယ်။
ဟွာအန်းမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အဖိုးဟာ သုံးပတ်အကြာ ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက်မှာ ပြင်းထန်ရောဂါလက္ခဏာတွေကြောင့် သေဆုံးသွားတာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဗီယက်နမ်ဟာ COVID-19 ကူးစက်မှုအတွက် ကန့်သတ်မှုတွေ လုပ်ခဲ့တဲ့အပြင် Quarantine ကာလတိုးမြင့်ခြင်း၊ ခြေရာခံလိုက်ရှာခြင်း စတာတွေနဲ့ ထိန်းချုပ်ခဲ့ပါတယ်။
ထိန်းချုပ်မှုတွေကြားထဲ ဟွာအန်းနားက ဒါနန်း ကမ်းခြေ အပန်းဖြေစခန်းမြို့မှာ ပြည်တွင်းကူးစက်မှုအသစ်တွေ ပြန်တွေ့လာတာကြောင့် သတိပေးချက် အမြင့်ဆုံး ပြန်ထုတ်ပြန်ခဲ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအသွင် စဖြစ်စဉ်ချိန်ကစလို့ နိုင်ငံတွင်း နေ့စဉ်ကူးစက်မှုနှုန်း အများဆုံး ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက ကူးစက်မှု စတင်ပြန်ဖြစ်ခဲ့တဲ့ ဒါနန်းမြို့ထဲကို လှည့်ပတ်သွားလာပြီးလိုအပ်တဲ့ ကျန်းမာရေးကူညီ စောင့်ရှောက်ပေးနေတယ်လို့ ကပ်ရောဂါဆိုင်ရာ အမျိုးသားအဆင့်လက်ထောက် အကြီးအကဲ ဒေါက်တာ Tran Nhu Duong က ပြောပြပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်သားတွေအပါအဝင် လူဦးရေ ၁,၀၀၀ ခန့်က ကူးစက်မှုစတင်ရာ ဒါနန်းမြို့မှာ အစိုးရက ဗိုင်းရပ်စ် ပြန်စတင် ကူးစက်နေကြောင်း ကြေညာလိုက်တာကြောင့် ပိတ်မိနေတဲ့ ပြည်တွင်းခရီးသွားတွေကို ကယ်ဆယ်ရေး ဆောင်ရွက်ပေးဖို့အတွက် ရောက်လာခဲ့ပါတယ်။
ဗီယက်နမ်မှာ ပြည်တွင်းကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကျော်ရှိပြီးချိန်မှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဒါနန်းမြို့ကို သွားရောက် လည်ပတ်ခဲ့သူ ၁၀၀ နီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကူးစက်ခံရသူတွေဟာ အသက် ၂၇ နှစ်ကနေ ၈၇ နှစ်ကြား ဖြစ်ပြီး ဒါနန်းမြို့က ဆေးရုံတွေမှာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။ ကူးစက်မှုအခြေအနေ ဆိုးရွားလာမှာကို ကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ ဒါနန်း အားကစားရုံကိုပါ ဆေးရုံအဖြစ် အသွင်းပြောင်းလဲထားပါတယ်။
ဒါနန်းမြို့ အဝင်အထွက်တွေကို ပိတ်ထားပြီး ဒေသခံ ၁ ဒဿမ ၁ သန်းကျော်ကိုလည်း အိမ်မှာပဲနေကြဖို့ နှိုးဆော်ထားပါတယ်။ အနည်းဆုံး ဒါနန်းကို လာရောက်လည်ပတ်ခဲ့တဲ့ ပြည်တွင်းခရီးသွား ၂၁,၀၀၀ကျော် လောက်ကို အချိန်တိုတွင်း ကူးစက်မှု ရှိ၊ မရှိ နှာခေါင်း တို့ပတ်ယူ စစ်ဆေးနေပြီ ဖြစ်ပါတယ်။
သမိုင်းဝင်နေရာ ဟွာအန်းကိုလည်း ခရီးသွားလည်ပတ်ခွင့် ပိတ်ပင်လိုက်ပြီး Hue နားက ဘားဆိုင်တွေကိုပါ ပိတ်ပင်လိုက်ပါပြီ။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း အများအပြား ထိစပ်နေတဲ့ ဗီယက်နမ်မှာ ဇူလိုင်၃၁ ရက် မတိုင်ခင်ထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ မရှိခဲ့ပေမယ့် ဒီနေ့မှာ ပထမဆုံးတယောက် သေဆုံးသူ ရှိလာခဲ့တာပါ။
Ref: Asia Times