Coronavirus Update

ဖိလစ်ပိုင် Lockdown အသစ်ကြောင့် လေဆိပ်မှာ အလုပ်သမား ဒါဇင်နဲ့ချီ သောင်တင်

ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာမှာ COVID-19 ကူးစက်မှုအသစ်တွေ ထပ်မံတွေ့ရှိလာတာကြောင့် အသွားအလာ ကန့်သတ်ကာ Lockdown ချ ပိတ်ပင်မှုတွေ ပြုလုပ်အပြီးမှာ လူအများအပြားဟာ သူတို့နေထိုင်ရာ ဒေသတွေဆီကို ပြန်ဖို့ခက်ခဲသွားပြီး လေဆိပ်မှာ ပိတ်မိနေခဲ့ကြပါတယ်။

မြို့တော် မနီလာနဲ့ အနီးဝန်းကျင် Luzon ကျွန်းပေါ်က ခရိုင် ၄ ခုမှာ နေထိုင်တဲ့ ပြည်သူတွေကို ၂ ပတ်ကြာ Stay-at-home အိမ်မှာပဲ နေကြဖို့ ဇူလိုင် ၄ ရက်က ၂၄ နာရီအတွင်း ကြိုတင်အသိပေးပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အများပြည်သူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုပါ ရပ်ဆိုင်းခဲ့ပါတယ်။

မတ်လလယ်ကနေ မေလအထိ ပိတ်ပင်ခဲ့တဲ့ တင်းကျပ်တဲ့ Lockdown ကာလတုန်းကလည်း အချိန်ပိုင်းအလုပ်သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေမှာ အလုပ်အကိုင် အများအပြား ဆုံးရှုံးခဲ့ကြပါသေးတယ်။ ထပ်မံ ချမှတ်လိုက်တဲ့ Lockdown ကြောင့် နေရပ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ Damaso တယောက် သူငယ်ချင်းတွေနဲ့အတူ လေဆိပ်ကို ရောက်နေပေမယ့် ပိတ်မိနေပါပြီ။

“ကျနော်တို့မှာ သုံးစရာ ငွေလည်း မရှိတော့ဘူး။ လေယာဉ်တွေကလည်း မထွက်ဘူးဆိုတော့ မနီလာမှာ တခြား ဆွေမျိုးရင်းခြာတွေလည်း မရှိတော့ နေဖို့တောင် အဆင်မပြေဘူး” လို့ Damaso က ပြောပြပါတယ်။ “ကျနော်တို့ ဒီနေရာမှာ နောက်ထပ် ၂ ပတ်ကြာ လေကြောင်းလိုင်းတွေ ပြန်ဆွဲတဲ့အထိ နေရတော့မယ်” လို့ ဆိုပါတယ်။

နိုင်ငံအတွင်းက ကူးစက်မှု အသစ်တွေကို နှေးကွေးသွားဖို့အတွက် သမ္မတ ဒူတာတေးကို ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းပေါင်း ၈၀ က တိုက်တွန်းခဲ့အပြီးမှာ အခုလို Lockdown အသစ် ထပ်မံချမှတ်လိုက်တာဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ တရက်တည်း စံချိန်တင် ကူးစက်မှုအဖြစ် ၅,၀၃၂ ခုထိ ရှိခဲ့ပြီး ဒေသတချို့က ဆေးရုံတွေမှာ လူနာတွေကို ပြန်လွှတ်ရတဲ့ အခြေအနေထိ ဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးတိုးတက်မှု ပထမနှစ်ဝက်အတွင်းမှာ အကြီးအကျယ် ကျဆင်းခဲ့တယ်လို့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ Harry Roque က ဆိုပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားခဲ့တဲ့ Gina Balos တယောက် နေရပ်ပြန်ဖို့အတွက် ဆင်းရဲသား ရပ်ကွက်အိမ်မှာ ကျန်နေတဲ့ ပရိဘောဂပစ္စည်းတွေ ရောင်းပြီး လေယာဉ်လက်မှတ် ဝယ်လိုက်ပေမယ့် အခုတော့ Lockdown ကြောင့် သောင်တင်နေတဲ့အပြင် COVID-19 ဆေးစစ်ခံဖို့အတွက် အပိုငွေ မကျန်တော့တာကြောင့် အခက်တွေ့နေပါတယ်။

“ကျနော်တို့ ဒီနေရာကို မနေ့တည်းက ရောက်နေတာပါ။ အားလုံးပေါင်း ၁၁ ယောက်စာအတွက် COVID-19 ဆေးစစ်ချက်စရိတ်က များလွန်းပါတယ်။ ပိုက်ဆံကလည်း မရှိတော့ဘူး။ သြဂုတ်လထဲမှာ မွေးမယ့် ကိုယ်ဝန်ဆောင်သည်လည်း ရှိနေတော့ ဘာလုပ်ရမှန်း မသိတော့ဘူး” လို့ Balos က ပြောပြပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူ စုစုပေါင်း ၁၁၅,၉၈၀ ဦးရှိပြီး၊ သေဆုံးသူကတော့ ၂,၁၂၃ ဦးရှိပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Japan Times

You may also like these stories:

ကိုဗစ်စစ်ပွဲ ရှုံးနိမ့်လာပြီးနောက် မနီလာကို ဖိလစ်ပိုင် Lockdown ပြန်ချ

ဗီယက်နမ်မှာ COVID-19 ကြောင့် လူသေဆုံးမှု မြင့်တက်လာ

Loading