COVID-19 ကူးစက်မှုတွေ ဆက်ပြီး မြင့်တက်နေတဲ့အတွက် အီတလီနိုင်ငံအနေနဲ့ ပြည်ဝင်ခွင့် စည်းကမ်းတွေကို ပြောင်းလဲ သတ်မှတ်နေပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ခရိုအေးရှား၊ ဂရိ၊ မာလ်တာနဲ့ စပိန်နိုင်ငံက လာရောက်သူတွေအားလုံး မဖြစ်မနေ COVID-19 စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရမယ်လို့ စည်းကမ်း သတ်မှတ်လိုက်ပါတယ်။
အဆိုပါ ၄ နိုင်ငံဟာ COVID-19 ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေတဲ့ နိုင်ငံတွေဖြစ်ပြီး အီတလီနိုင်ငံသားတွေ အားလပ်ရက် အများဆုံး ထွက်လေ့ရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
အီတလီကျန်းမာရေးဝန်ကြီးဖြစ်သူ Roberto Speranza က အဆိုပါစည်းကမ်းချက်ကို လက်မှတ်ရေး ထိုးပေးခဲ့ကြောင်း Facebook မှာ ဖော်ပြခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ ကိုလံဘီယာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့ ဘယ်သူ့ကိုမဆို အီတလီနိုင်ငံတွင်း ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံဟာ COVID-19 ကူးစက်မှု ကမ္ဘာ့အဆင့် ၈ နေရာမှာ ရှိနေပြီး လူပေါင်း ၄ သိန်းကျော် ရောဂါကူးစက်ခံထားရသလို ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အီတလီနိုင်ငံအနေနဲ့ COVID-19 ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ ရလဒ်ကောင်းတွေကို သတိ ရှိရှိနဲ့ဆက်ပြီး ကာကွယ်ဖို့ လိုအပ်ကြောင်းနဲ့ မကြာသေးခင် လပိုင်းလောက်က ရရှိခဲ့တဲ့ ရလဒ်ကောင်းတွေဟာ အားလုံးရဲ့ စွန့်လွှတ် အနစ်နာခံမှုကြောင့်ဖြစ်တယ်လို့ အီတလီကျန်းမာရေးဝန်ကြီးက ပြောပါတယ်။
COVID-19 စတင်ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ် လူသေဆုံးမှု အများဆုံးနိုင်ငံက အီတလီနိုင်ငံဖြစ်ပြီး လူပေါင်း ၃၅၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အီတလီနိုင်ငံမှာ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ရောဂါ စတင်တွေ့ရှိခဲ့ပါတယ်။
အခြား ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အီတလီနိုင်ငံအနေနဲ့ ကူးစက်လူနာသစ် နည်းပါးပေမယ့် လွန်ခဲ့တဲ့လကစပြီး ပြန်လည် အရှိန်မြှင့်လာနေပါတယ်။ ဒါကြောင့်လည်း ခရိုအေးရှား၊ ဂရိ၊ မာလ်တာနဲ့ စပိန်နိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့သူတွေဟာ COVID-19 စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်သလို ကိုလံဘီယာကို သွားရောက်ခဲ့သူတွေကိုတော့ ပြည်ဝင်ခွင့်မပြုရခြင်းဘဲ ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
အီတလီ သင်္ဘောခရီးစဉ်များ ပြန်လည် စတင်မည်
အသက် ၉၆ နှစ် ရောက်မှ ဘွဲ့ရခဲ့တဲ့ အီတလီ အဘိုးအို