အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ ပြန်လည် မြင့်တက်လာတာကြောင့် အများပြည်သူ သွားလာရာနေရာတွေမှာ နှာခေါင်းစည်း Mask တပ်ကြဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ညဘက်ဖွင့်တဲ့ ကပွဲ ကလပ်တွေကိုလည်း ပိတ်သိမ်းသွားမှာဖြစ်သလို ပြည်သူတွေ အားလုံး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း မဖြစ်မနေ Mask တပ်ကြဖို့ သတ်မှတ်လိုက်တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် လူသေဆုံးမှု အများဆုံးဖြစ်ခဲ့ဖူးတဲ့ အီတလီနိုင်ငံဟာ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် ရလဒ်ကောင်းတွေ ရခဲ့ပေမယ့် ဇူလိုင်ကစလို့ ကူးစက်မှုအသစ်တွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။
ကူးစက်မှုအသစ်ရဲ့ အဓိက တရားခံတွေကတော့ ညဘက် ပါတီပွဲ ကျင်းပလေ့ရှိတဲ့ လူငယ်တွေကြောင့် ဖြစ်လို့ အခုတော့ ကပွဲတွေကို ၃ ပတ်ကြာ ပိတ်သိမ်းဖို့ ထုတ်ပြန်လိုက်ပါပြီ။ နှာခေါင်းစည်း Mask တွေကိုလည်း အများပြည်သူနေရာတွေဆိုရင် ညအထိ တပ်ကြဖို့ နှိုးဆော်ထားပါတယ်။
ကျန်မာရေးဝန်ကြီး Roberto Speranza ကလည်း အစိုးရ ထုတ်ပြန်ချက်အရ လူစုလူဝေး ထူထပ်နိုင်တဲ့ အများပြည်သူ သွားလာရာနေရာတွေမှာ Mask ကို မဖြစ်မနေ တပ်ပေးကြဖို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ဟာ စက်တင်ဘာ ၇ ရက်နေ့ထိ အကျုံးဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရက ညဘက် အကကလပ်တွေကို ပိတ်သိမ်းလိုက်တာကြောင့် ကလပ် ၃,၀၀၀ လောက်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း ၅၀,၀၀၀ ကျော်ကြား မပြေလည်မှုတွေလည်း ရှိနေတယ်လို့ nightclub operators’ union (SILB) ဘက်က ဆိုပါတယ်။
လက်ရှိအချိန်ဟာ အီတလီလူမျိုးတွေ ကမ်းခြေကို အများဆုံးသွားရောက် လည်ပတ်လေ့ရှိတဲ့ “Ferragosto” အထင်ကရ ပိတ်ရက်လည်း ဖြစ်ပါတယ်။ အီတလီသတင်းစာတွေမှာ လူငယ်တော်တော်များများ အမိုးဖွင့်ကပွဲ ကလပ်တွေဆီ သွားကြတဲ့ ပုံရိပ်တွေ မြင်တွေ့လာတာကြောင့် ကျန်းမာရေးဌာနအနေနဲ့ တခြားဥရောပနိုင်ငံတွေလို ကူးစက်မှုအသစ်တွေ တိုးပွားလာမှာကို စိုးရိမ်တယ်လို့ အသံတွေထွက်ခဲ့ပါတယ်။
တောင်ပိုင်း Calabria ဒေသမှာတော့ အစောပိုင်းထဲက ကပွဲခန်းမတွေကို ပိတ်သိမ်းထားပြီး Sardinia ဒေသမှာတော့ အခုချိန်ထိ ဖွင့်ခွင့်ပေးထားဆဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူစုစုပေါင်း ၂၅၄,၀၀၀ နီးပါးရှိကာ သေဆုံးသူ ၃၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။
Ref: India Times
You may also like these stories: