Coronavirus Update

နိုင်ငံတကာခရီးသွား ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်သုံးသပ်

အင်ဒိုနီးရှားနိုင်ငံမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး ဘာလီကျွန်းကို အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့ လာရောက် လည်ပတ်ခွင့် ရရှိခဲ့ကြပါတယ်။

ပြည်တွင်းခရီးသွားတွေကို ခွင့်ပြုခဲ့ပြီးနောက်ပိုင်း စက်တင်ဘာလလောက်မှာ နိုင်ငံတကာ ခရီးသွားတွေကို ဘာလီကျွန်းသို့ လာရောက် လည်ပတ်ခွင့်ပြုဖို့ အင်ဒိုနီးရှားအစိုးရက အစီအစဉ်တွေ ရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း COVID-19 ကူးစက်မှုတွေ ပြန်လည် မြင့်တက်နေတဲ့အတွက် နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ်ကို အင်ဒိုနီးရှားအစိုးရက ပြန်သုံးသပ်နေပါတယ်။

လက်ရှိအချိန်မှာလည်း ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူ အရေအတွက်က ၂၁ ဒဿမ ၈ သန်းကျော်လာခဲ့ပြီး ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်း ကူးစက်မှု မရှိတာ အချိန်အတော်ကြာခဲ့ပြီးမှ သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်း ကူးစက်သူတယောက် ပြန်လည် တွေ့ရှိခဲ့ပါတယ်။

အင်ဒိုနီးရှား အစိုးရအနေနဲ့လည်း နိုင်ငံတကာခရီးသွားတွေကို ဝင်ရောက်ခွင့်ပြုပြီးနောက်ပိုင်း COVID-19 ပြန်လည် ပြန့်ပွားလာမှာကို စိုးရိမ်နေတယ်လို့ စီးပွားရေးဝန်ကြီး Erick Thohir က ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ နိုင်ငံတကာ ခရီးသွားတွေကို စက်တင်ဘာ ၁၁ ရက်နေ့မှာ ဘာလီကျွန်းကို လာရောက် လည်ပတ်ခွင့်ပြုဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် ဘာလီကျွန်းသို့ ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ပြည်တွင်းခရီးသွားတွေကို လည်ပတ်ခွင့်ပြုခဲ့ပါတယ်။ လာရောက် လည်ပတ်တဲ့ ပြည်တွင်းခရီးသွားတွေကိုလည်း ကျန်းမာရေး နဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း နိုင်ငံတကာခရီးသွားတွေကတော့ ဘာလီကျွန်းကို လာရောက် လည်ပတ်နိုင်ဖို့ ကာလတခု အထိ စောင့်ဆိုင်းရပါလိမ့်မယ်။ ၂၀၁၉ ခုနှစ်အတွင်း ဘာလီကျွန်းကို လာရောက် လည်ပတ်ခဲ့တဲ့ နိုင်ငံ တကာ ခရီးသွားအရေအတွက် ၆ ဒဿမ ၃ သန်းနီးပါး ရှိခဲ့ပါတယ်။

နိုင်ငံခြားသားခရီးသွားတွေကို အင်ဒိုနီးရှားနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုလိုက်ခြင်းအားဖြင့် နိုင်ငံသားတွေရဲ့ ကျန်းမာရေးအစီအစဉ်ကို လျှော့ချသွားဖို့ မရှိဘူးလို့ Thohir က ပြီးခဲ့တဲ့ စနေနေ့မှာပြုလုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Thohir ရဲ့ ပြောကြားချက်ကို ကြည့်ရင် အင်ဒိုနီးရှားအစိုးရဟာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကိုသာ ပိုပြီး အလေးထားကြောင်း တွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံခြားသား ခရီးသွားတွေကနေ ဝင်ငွေ ဘီလီယံနဲ့ ချီပြီး ရရှိခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စတုတ္ထမြောက် လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်မှု မြင့်တက် လာနေပါတယ်။ လက်ရှိအချိန်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၁၃၉,၀၀၀ ကျော် ရှိနေ  ပြီး  ၆,၁၅၀ ယောက် သေဆုံးခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကူးစက်မှု အများဆုံးကတော့
ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး လူပေါင်း ၁၆၀,၀၀၀ ကျော် ကူးစက်ခံထားရပါတယ်။

Ref: Bangkokpost

You may also like these stories:
Loading