ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ပြန်မြင့်တက်လာတဲ့ ဥရောပနိုင်ငံတွေထဲက ပြင်သစ်နဲ့ ဂျာမနီမှာလည်း ၁ လအတွင်း ကူးစက်မှု အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ပါတယ်။ အားလပ်ရက် အပန်းဖြေခရီးထွက်ချိန်ကြောင့် နိုင်ငံတွင်း ပြန်ဝင်ရောက်လာသူတွေနဲ့ ကျောင်းတွေ ပြန်ဖွင့်လိုက်တာကြောင့် ကူးစက်မှုတွေ ပြန်ဖြစ်လာတာပါ။
ဂျာမနီမှာ ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၁,၇၀၀ ကျော် တွေ့ရှိခဲ့ပြီးနောက် အမြင့်ဆုံး ကူးစက်မှုဖြစ်ပွားခဲ့တဲ့ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်ခဲ့ပါတယ်။ ဂျာမနီဟာ တခြားဥရောပနိုင်ငံတွေထက် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် နွေရာသီ အားလပ်ရက် အပန်းဖြေကာလအပြီးမှာ ကူးစက်မှုအသစ်တွေ မြင့်တက်လာခဲ့ပါတယ်။
ကူးစက်မှုအသစ်တွေထဲမှာ အများဆုံးကတော့ တခြားနိုင်ငံတွေကို သွားရောက် လည်ပတ်ခဲ့တဲ့ အားလပ်ရက် ခရီးသွားသူတွေဖြစ်ပြီး မိသားစုလိုက် ပြန်လာကြတဲ့ထဲက ကျောင်းသားတွေလည်း အရင်ပတ်ကစလို့ အတန်းပြန်တက်နေခဲ့ကြတာပါ။
ဂျာမနီဟာ သြဂုတ်အစောပိုင်းကစလို့ ဖြေလျော့ပေးခဲ့ပေမယ့် ကူးစက်မှု ပြန်မြင့်တက်ခဲ့တာကြောင့် COVID-19 ကူးစက်မှု မြင့်တက်နေတဲ့ ဘယ်ဒေသက ပြန်လာသူမဆို မဖြစ်မနေ စစ်ဆေးရမယ်လို့ စည်းကမ်း သတ်မှတ်လိုက်ပါတယ်။ အကြီးအကဲ အိန်ဂျလာ မာကယ်လ် ကိုယ်တိုင် COVID-19 အတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာကြဖို့ သတိပေးထားပါတယ်။
နောက်ထပ် ကူးစက်မှုမြင့်တက်လာတဲ့ ပြင်သစ်နိုင်ငံမှာလည်း မေလနောက်ပိုင်း ကူးစက်မှုနှုန်း အမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃,၈၀၀ နီးပါးရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပြင်သစ်နိုင်ငံ၊ တူးလော့စ်မြို့မှာ တမြို့လုံး အတိုင်းအတာနဲ့ အပြင်ထွက်မယ်ဆိုရင် မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ကြဖို့ သတ်မှတ်လိုက်ပါပြီ။ အရင်ထဲကလည်း ပြင်သစ်မှာ အလုံပိတ်နေရာတွေနဲ့ အများပြည်သူ ပို့ဆောင်ရေးယာဉ်တွေပေါ်မှာ Mask တပ်ဖို့ စည်းမျဉ်း ထုတ်ပြန်ထားခဲ့ပြီးသားပါ။
ကမ္ဘာတဝှမ်းမှာ ပြန်လည် ခေါင်းထောင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေကြောင့် ကာကွယ်ဆေး ထုတ်လုပ်မှုကို အပူတပြင်း လုပ်လာကြပြီး အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းလာကြပါတယ်။ WHO က ထုတ်ပြန်ချက်တွေအရ ကာကွယ်ဆေး ထွက်လာခဲ့ရင် ကူးစက်မှု အများဆုံးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ခွဲဝေပေးမယ် ဆိုပေမယ့်လည်း ကြိုတင်ဝယ်ယူနေတဲ့ နိုင်ငံကြီးတွေလည်း ရှိနေပါတယ်။
ဒါကြောင့်လည်း ပုပ်ရဟန်းမင်းကြီးက COVID-19 ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်လို့ ဆင်းရဲချမ်းသာ အနိမ့်အမြင့် ခွဲခြားနေရမှာ မဟုတ်သလို၊ ကာကွယ်ဆေးကလည်း ချမ်းသာကြွယ်ဝသူတွေအတွက်ပဲ သီးသန့် မဖြစ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
COVID-19 စတင်ခဲ့ရာ တရုတ်နိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာနောက်ပိုင်း သြဂုတ်လ ၂၂ ရက်ကစလို့ Super League ဘောလုံးပွဲတွေကို ပွဲကြည့်ပရိသတ် အကန့်အသတ်နဲ့ ပထမဆုံးအကြိမ် စတင် ကျင်းပတော့မှာ ဖြစ်သလို ကမ္ဘာ့ကပ်ရောဂါ စတင်ခဲ့တဲ့ ဝူဟန်မြို့မှာ လူစုလူဝေးနဲ့ ဂီတပွဲတော်ကျင်းပခဲ့တာကြောင့်လည်း ဝေဖန်ခံနေရပေမယ့် တရုတ်မီဒီယာတွေကတော့ ဖုံးဖိပြီး ရေးသားဖော်ပြခဲ့ပါတယ်။
Ref: Asia Times