“D614G” လို့ နာမည်ပေးထားတဲ့ ကိုဗစ် သန္ဓေပြောင်းပိုးတမျိုးဟာ ကူးစက်မှုနှုန်း ၁၀ ဆ မြန်ပါတယ်။ ကူးစက်မှုနှုန်း ၁၀ ဆ မြန်တဲ့ D614G သန္ဓေပြောင်း ကိုဗစ်ပိုးဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အလျင်အမြန် ကူးစက်နေတဲ့အတွက် လာမယ့် လတွေအတွင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့ ရှိနေတယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောကြားလိုက်ပါတယ်။
COVID-19 အစကာလမှာတော့ ရောဂါပိုးဟာ ပြင်းထန်တဲ့ လက္ခဏာတွေ မပြခဲ့တဲ့အတွက်ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား အစရှိတဲ့ နိုင်ငံတွေမှာ ကူးစက်မှုနှုန်း နည်းပါးခဲ့သလို လူသေဆုံးမှု ပမာဏကလည်း များပြားခြင်း မရှိခဲ့ပါဘူး။ အလားတူ ဟောင်ကောင်နဲ့ ထိုင်ဝမ်မှာလည်း ကူးစက်မှုနှုန်း နည်းပါးခဲ့ပြီး သေဆုံးမှုလည်း နည်းပါးခဲ့ပါတယ်။
နောက်ပိုင်းကာလတွေမှာတော့ COVID-19 ဟာ သန္ဓေပြောင်းလဲလာခဲ့ပြီး ကူးစက်မှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။ သန္ဓေပြောင်း D614G စတင် ပြန့်ပွားလာပြီးတဲ့နောက် ဥရောပ၊ အီရန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ကူးစက်မှုနှုန်းက အဆမတန် မြင့်တက်သွားခဲ့ပါတယ်။
လက်ရှိ အချိန်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေလည်း D614G နဲ့ မျက်နှာချင်းဆိုင်နေရပြီး သန္ဓေပြောင်းဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကို ဖိလစ်ပိုင်နိုင်ငံက အများဆုံး ရင်ဆိုင်နေရပါတယ်။
မလေးရှားကျန်းမာရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Noor Hisham Abdullah ကလည်း မလေးရှားနိုင်ငံမှာ ကူးစက်မှု ၁၀ ဆမြန်တဲ့ သန္ဓေပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိထားပြီး ပိုးလက်ခံထားသူတွေကို “Super spreader” လို့ ပြောဆို သုံးစွဲသွားခဲ့ပါတယ်။
COVID-19 ဟာ အကြိမ်ပေါင်းများစွာ သန္ဓေပြောင်းလဲနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကပဲ အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာတက္ကသိုလ်ရဲ့ လေ့လာမှုတွေကနေတဆင့် မူရင်းဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကနေ အနည်းဆုံး ၆ ကြိမ်အထိ သန္ဓေ ပြောင်းနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
စတင် ဖြစ်ပွားခဲ့တဲ့ ဗီဇအမျိုးအစားက S ဗီဇဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်းမှာတော့ G ဗီဇလက္ခဏာ အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရဲ့ ဗီဇကတော့ D614G လို့ ခေါ်တဲ့ ဗီဇလက္ခဏာပါပဲ။ သန္ဓေပြောင်း D614G ကို အများအားဖြင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ အများဆုံး တွေ့ရှိခဲ့ရပေမယ့် မတ်လကစပြီး အာရှနိုင်ငံတွေမှာလည်း D614G ကူးစက်သူ အရေအတွက် များပြားလာခဲ့ပါတယ်။
စင်ကာပူနိုင်ငံ၊ အရေးပေါ်ကူးစက်ရောဂါရဲ့ တာဝန်ရှိသူတဦး ဖြစ်တဲ့ ပါမောက္ခ Gavin Smith ကလည်း ဗိုင်းရပ်စ်ဟာ လူတယောက်ကနေ တယောက်ကို ကူးစက်နေစဉ်အတွင်း ဗိုင်းရပ်စ်ကိုယ်တိုင်က Copy ပွားပွားသွားကြတယ်လို့ ပြောဆိုထားပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ လျှော့ချပေးခဲ့တာ၊ Quarantine ဝင်နေသူတွေက Quarantine စည်းကမ်းကို ချိုးဖောက်တာ စတဲ့ အချက်တွေကြောင့် ကူးစက်မှု ၁၀ ဆ မြန်တဲ့ D614G ဗိုင်းရပ်စ်နဲ့ ရင်ဆိုင်လာနေရပါတယ်။
သုတေသီတွေကလည်း အခု တွေ့ရှိနေတဲ့ သန္ဓေပြောင်းဗိုင်းရပ်စ်ဟာ ကျန်သန္ဓေပြောင်း ဗိုင်းရပ်စ်တွေထက် ကူးစက်မှု ပိုမိုမြန်ဆန်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံ၊ Los Alamos အမျိုးသားဓာတ်ခွဲခန်းက သီအိုရီဆိုင်ရာ ဇီဝဗေဒပညာရှင် ဒေါက်တာ Bette Korber ဟာ ဥရောပနဲ့ အမေရိကမှာရှိတဲ့ လူနာတွေကို စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ သူမနဲ့ သူမအဖွဲ့ရဲ့တွေ့ရှိချက်ကတော့ မတ်လ အစောပိုင်းကာလကတော့ ဥရောပမှာ D614G ဗိုင်းရပ်စ် ကူးစက်သူ ရှားပါးခဲ့ပေမယ့် လကုန်ပိုင်းလောက်မှာတော့ ကမ္ဘာတဝှမ်း D614G ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် တိုးလာတယ်ဆိုတဲ့ အချက်ပါပဲ။
Ref: scmp, thailandmedical, theprint
You may also like these stories:
တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိလာ