တောင်ကိုရီးယားနိုင်ငံမှာ COVID-19 တကျော့ပြန် ကူးစက်မှု မြင့်တက်နေတဲ့အတွက်ကြောင့် ဆိုးလ်မြို့မှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ မူကြိုကျောင်းတွေကို ပိတ်ထားဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက အမိန့်ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်အတွင်းမှာပဲ ဆိုးလ်မှာရှိတဲ့ စာသင်ကျောင်းတွေကနေ ဝန်ထမ်းနဲ့ ကျောင်းသား ၂၀၀ နီးပါး ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း အဝေးသင်ပညာရေးစနစ်နဲ့ ကျောင်းသင်ခန်းစာတွေကို စက်တင်ဘာ ၁၁ ရက်နေ့အထိ သင်ကြားသွားမယ်လို့ တောင်ကိုရီးယားပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယား ကျန်းမာရေးအာဏာပိုင်တွေကလည်း နိုင်ငံတဝှမ်း ကူးစက်မှုတွေ ဖြစ်ပွားနေတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံဟာ COVID-19 ချောက်ကမ်းပါးပေါ် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတိပေး ပြောကြားထားပါတယ်။
ဒီဇင်ဘာလအတွင်းမှာတော့ တက္ကသိုလ်ဝင်တန်း တက်ရောက်ခွင့် စာမေးပွဲဖြေဆိုရမှာ ဖြစ်တဲ့အတွက် လူဦးရေ ၂၅ သန်းကျော် နေထိုင်တဲ့ ဆိုးလ်မြို့ရှိ အထက်တန်းကျောင်းသားတွေက လွဲပြီး ကျန်တဲ့ကျောင်းသားတွေအားလုံး အွန်လိုင်းကနေတဆင့် သင်ခန်းစာတွေကို သင်ကြားရမယ်လို့ သိရပါတယ်။
ပြည်တွင်းကူးစက်မှုတွေ လျော့ကျလာပြီးနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံရဲ့ စာသင်ကျောင်း အများ စုကို မေလ ၂၀ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ အဆင့်ဆင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်သူ ၁၈,၂၆၅ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၃၂၀ ရှိခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်လူနာ ၂၈၀ ယောက် ရှိခဲ့ပြီး ကူးစက်မှု ၃ ဆအထိ မြင့်တက်လာခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်မှု ပြန်လည် မြင့်တက်လာရတဲ့ အကြောင်းက ပရိုတက်စတင့် ချာ့ချ်ကျောင်းတကျောင်းနဲ့ သက်ဆိုင်နေပါတယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဘုရားကျောင်းအဖွဲ့ဝင်တွေဟာ လူစုလူဝေး ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တောင်ကိုရီးယားအစိုးရက အိမ်တွင်း၊ အိမ်ပြင် Mask တပ်ဖို့ စည်းကမ်းချက်ကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်လိုက်ပါတယ်။ ဘုရားရှိခိုးကျောင်း၊ နိုက်ကလပ်နဲ့ ကာရာအိုကေတွေကို လည်း ပိတ်ထားဖို့ ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
ကူးစက်မှုနှုန်း ဆက်လက် မြင့်တက်လာနေမယ်ဆိုရင်တော့ Social distancing စည်းကမ်းကို တင်း တင်းကျပ်ကျပ် ပြဋ္ဌာန်းသွားမှာဖြစ်ပြီး နိုင်ငံတဝှမ်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း COVID-19 အကျပ်အတည်း ကာလအတွင်း ပထမဆုံးအကြိမ် ပိတ်ထားမယ်လို့ တောင်ကိုရီးယားအစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။
Ref: BBC
You may also like these stories:
ကူးစက်မှု ၁၀ ဆမြန်တဲ့ ကိုဗစ်သန္ဓေပြောင်းပိုး အရှေ့တောင်အာရှနိုင်ငံတွေကို ကူးစက်လာ
၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား