ယနေ့၊ သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တဲ့ COVID-19 လူနာနံပါတ် ၆၅၂ ဟာရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ မြင့်မိုရ် လမ်းသွယ်က ဖြစ်ပြီး အဆိုပါ ကိုဗစ်လူနာ နေအိမ်ကို ယနေ့၊ Lockdown ချလိုက်ပြီလို့ သိရပါတယ်။
လူနာနံပါတ် ၆၅၂ ဟာ လူနာနံပါတ် ၄၇၇ နဲ့ ထိတွေ့မှု ရှိခဲ့တဲ့အတွက် သြဂုတ်လ ၂၅ ရက်နေ့မှာQuarantine စင်တာကို ပို့ဆောင်ခဲ့ပါတယ်။ သြဂုတ်လ ၂၉ ရက်မှာ ပိုးတွေ့ရှိခဲ့တဲ့အတွက် အဆိုပါ လူနာကို Quarantine စင်တာကနေ တောင်ကြီး စဝ်စံထွန်းဆေးရုံကိုပြောင်းရွှေ့ပြီး ဆေးကုသမှု ခံယူခိုင်းထားပါတယ်
အဆိုပါ ပိုးတွေ့လူနာနံပါတ် ၆၅၂ ဟာ သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန် – ဟဲဟိုး လေကြောင်းလိုင်းကနေတဆင့် တောင်ကြီးမြို့ကို ပြန်ရောက်ခဲ့သူဖြစ်ပြီး သူနဲ့အတူ ခရီးသည် ၃၃ ယောက် လေယာဉ် တစီးတည်း စီးခဲ့ကြတယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာနဲ့ လေယာဉ် အတူတူ စီးခဲ့သူတွေထဲမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှာ နေထိုင်သူတဦး ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး နမ့်စန်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မဲဆန္ဒနယ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှထွေးက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“သံသယလူနာဟာ သြဂုတ်လ ၁၈ ရက်က ရန်ကုန်ကနေ ပြန်လာတယ်။ ပိုးတွေ့လူနာ ၆၅၂ နဲ့ လေယာဉ်တစီးတည်း ပြန်လာတာ ဆိုတော့ အဲဒါကို အကြောင်းကြားလာတော့ အခု မြို့နယ်ကလည်း ဆေးရုံမှာ ဒီနေ့ကစပြီး သူနဲ့အတူ သူ့ဇနီးကိုပါ Facilities Quarantine ထားပေးထားတယ်”လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှထွေး ပြောပါတယ်။
အဆိုပါ ပိုးတွေ့လူနာနံပါတ် ၆၅၂ ဟာ နမ့်စန်ဈေးမှာလည်း ကုန်စိမ်းဖြန့်ခဲ့သေးတယ်လို့ ကောလာဟလများ ထွက်ရှိနေတဲ့အပေါ် နမ့်စန်မြို့နယ်၊ ပြည်သူ့ဆေးရုံက ဒေါက်တာ အောင်နိုင်ဦးက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“အဲဒါက မဟုတ်ဘူးဗျ။ ကျနော် ပြန်မေးပြီး ပြန်စိစစ်ပြီးသွားပြီ။ မဟုတ်ဘူးဗျ။ အဲဒါကြီး ပြန့်နေလို့ကျနော်လည်း ပြည်နယ်ကို သေချာ ပြန်မေးပြီးသွားပြီ။ မဟုတ်ပါဘူး။ ဆေးရုံမှာတော့ ပိုးတွေ့လူနာ၆၅၂ နဲ့ လေယာဉ် အတူတူစီးခဲ့တဲ့သူပဲ Quarantine ရှိပါတယ်။ ကုန်စိမ်းလာ ဖြန့်သွားတယ်ဆိုတာမဟုတ်ပါဘူး”လို့ သူကဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၆၅၆ ဦးရှိပြီး၊ ရောဂါပျောက်ကင်း သက်သာလာသူ ၃၄၉ ဦး၊ သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
You may also like these stories:
စစ်တွေမြို့တွင် ညမထွက်အမိန့် ၁၄၄ ထုတ်ပြန်