အီတလီဝန်ကြီးချုပ်ဟောင်း ဆယ်လ်ဗီယို ဘာလူစကိုနီ COVID-19 ရောဂါ ကူးစက်ခံနေရကြောင်း သူ့ရဲ့ ဝန်ထမ်းဖြစ်သူတွေနဲ့ ဆရာဝန်ဖြစ်သူက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ အီတလီဝန်ကြီးချုပ်ဟောင်းဟာ မီလန်မြို့အနီးက Arcore နေအိမ်မှာ သီးခြားခွဲနေပြီး ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်းရဲ့ ဆရာဝန်ဖြစ်သူ အယ်လ်ဘာတိုဇန်ဂရီလိုကလည်း အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းဟာ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ အတည်ပြုပြောကြား ခဲ့ပါတယ်။
ဘာလူစကိုနီဟာ အီတလီနိုင်ငံရဲ့ ဆာဒီနီးယားကျွန်းကို ခရီးသွားခဲ့ပြီးနောက် COVID-19 စမ်းသပ်မှုတွေပြုလုပ်ချိန်မှာ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် သြဂုတ်လရောက်တိုင်း ဆာဒီနီးယားကျွန်းကို ခရီးသွား အများအပြား လာရောက်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာလည်း ဆာဒီနီးယားကျွန်းကို သွားရောက်ခဲ့သူ အများစု ရောဂါကူးစက်ခံခဲ့ရပါတယ်။
မီလန်မြို့ San Raffaele ဆေးရုံက ဆရာဝန်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်းရဲ့ ဆရာဝန်လည်းဖြစ်တဲ့ အယ်လ်ဘာတိုဇန်ဂရိုလိုက ဝန်ကြီးချုပ်ဟောင်း ဆာဒီနီးယားကျွန်းကို သွားပြီးတဲ့နောက် ရောဂါလက္ခဏာ မပြပေမယ့် COVID-19 ရှိ၊ မရှိ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တကယ် စစ်ဆေးကြည့်တဲ့အခါမှာလည်း ဘာလူစကိုနီမှာ ရောဂါကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းရဲ့ မိတ်ဆွေဖြစ်သူ ဖလေဗီယိုဘရူတိုလည်း ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ ရောဂါ ကူးစက်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်း ဥရောပနိုင်ငံတွေထဲမှာ အီတလီနိုင်ငံဟာ ကိုဗစ် ကူးစက်မှုနဲ့ သေဆုံးမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပါတယ်။ ကူးစက်မှုအမြင့်ဆုံး ဖြစ်နေချိန်ကာလအတွင်း အီတလီနိုင်ငံမှာ လူပေါင်း ၂၇၀,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရပြီး ၃၅,၅၀၀ သေဆုံးခဲ့ပါတယ်။
နောက်ပိုင်း ကာလတွေမှာတော့ အီတလီနိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ကို အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သြဂုတ်လလယ်လောက်မှာတော့ ရောဂါကူးစက်မှု ပြန်လည် မြင့်တက်လာခဲ့ပြန်ပါတယ်။
ဘာလူစကိုနီ COVID-19 ကူးစက်ပြီးနောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကလည်း ဝန်ကြီးချုပ်ဟောင်းအနေနဲ့ COVID-19 နဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲမှာ အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ကြပါတယ်။
Ref: euronews
You may also like these stories:
အင်ဒိုနီးရှား ဘာသာရေးကျောင်းတကျောင်းမှာ ကျောင်းသား ၆၀၀ ကျော် ကိုဗစ် ကူးစက်ခံရ
သြဂုတ်လအတွင်း အိန္ဒိယမှာ လူ ၂ သန်းနီးပါး ကိုဗစ်ကူးစက်
တရားမဝင် ရောက်လာတဲ့ မြန်မာလုပ်သားတွေကြောင့် ထိုင်းစာသင်ကျောင်း ယာယီပိတ်ထား