ထိုင်းမှာ ကိုဗစ် ပြည်တွင်းကူးစက်လူနာ ပြန်လည် တွေ့ရှိ
ထိုင်းနိုင်ငံမှာ COVID-19 ပြည်တွင်းကူးစက်မှု မရှိတာ ရက်ပေါင်း ၁၀၀ ကြာမှ ပထမဆုံး ပြည်တွင်း ကူးစက် လူနာတယောက်ကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ပိုးတွေ့လူနာဟာ အသက် ၃၇ နှစ်အရွယ် အကျဉ်းသားတယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘန်ကောက် ထောင်ကနေ ပြောင်းရွှေ့ပြီး သင့်တော်တဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ အခြား အကျဉ်းသား ၃၄ ယောက်ကို စစ်ဆေးခဲ့ရာမှာတော့ ပိုး မတွေ့ရှိခဲ့ပါဘူး။ အဆိုပါ ပိုးတွေ့အကျဉ်းသားဟာ မကြာသေးခင်အချိန်ကအထိ ဘန်ကောက်မြို့ Khao San လမ်းက First ကော်ဖီဆိုင်၊ 3 Days 2 Night အရက်ဆိုင် ၊ Rama III ၊ Rama V စားသောက်ဆိုင်မှာ DJ သမားတယောက်အဖြစ် အလုပ်လုပ်ခဲ့ဖူးတယ်လို့ ထိုင်းကျန်းမာရေးဌာနက ကြာသပတေးနေ့ ညနေပိုင်းမှာ ကြေညာခဲ့ပါတယ်။
သူနဲ့ နီးစပ်သူတွေကို အနီးကပ် စောင့်ကြည့်နေပေမယ့် နောက်ထပ် ကူးစက်မှုတွေ မတွေ့ရှိသေးသလို သူနဲ့ တိုက်ရိုက် ထိတွေ့ခြင်း မရှိတဲ့လူတွေလည်း အန္တရာယ်ကြီးမားတဲ့ အုပ်စုထဲ ပါဝင်မှာ မဟုတ်ဘူးလို့ Bangkok Post မှာ ဖော်ပြထားပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်းတကျော့ပြန် ပြည်တွင်း ကူးစက်မှုတွေကို ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။ ထိုင်း COVID-19 အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesilp Visanuyothin ကလည်း အဆိုပါ အကျဉ်းသားဟာ ထိုင်းနိုင်ငံမှာ ပြန်လည် တွေ့ရှိတဲ့ တကျော့ပြန် COVID-19 ပထမဆုံးလူနာ ဖြစ်တယ်လို့ ကြာသပတေးနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။
ပိုးတွေ့လူနာဟာ မူးယစ်ဆေးဝါးမှုကြောင့် အခြားအကျဉ်းသား ၃၄ ယောက်နဲ့အတူ သြဂုတ်လ ၂၆ ရက်နေ့မှာ ထောင်ကျခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ အဆိုပါ အကျဉ်းသားကို Mahidol တက္ကသိုလ်မှာ ပထမဆုံးအကြိမ် ဗိုင်းရပ်စ် စစ်ဆေးခဲ့ပြီး ပိုးတွေ့ရှိခဲ့တဲ့အတွက် ညတွင်းချင်း ဆေးရုံ ပို့ခဲ့ပါတယ်။
အကျဉ်း မကျခင်တုန်းက သူဟာ Bang Mod ခရိုင်တွင်းက Ban Suan Thon ကွန်ဒိုမှာ မိသားစု ၅ ယောက်နဲ့အတူ နေထိုင်ခဲ့ပါတယ်။ အတူနေထိုင်ခဲ့တဲ့ မိသားစုဝင်တွေဟာ ရောဂါဖြစ်နိုင်ခြေများတဲ့ အုပ်စုဖြစ်တာကြောင့် Quarantine ထားပြီး အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
တရားရင်ဆိုင်ခဲ့စဉ်မှာ ပါဝင်ခဲ့တဲ့ သူ့ရှေ့နေနဲ့အတူ အခြား လူအယောက် ၂၀ ကိုလည်း စောင့်ကြည့်မှု တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref: Bangkokpost
You may also like these stories: