မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ် တချို့တွင် COVID-19 ဖြစ်ပွားနေသော တိုင်းနှင့်ပြည်နယ်မှ ခရီးသွားသူများ အနေဖြင့် Quarantine ဝင်ရမည် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက် COVID-19 ထိန်းချုပ်ရေး အစီအမံ များကို လိုက်နာကြရမည် ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ Lockdown ချထားသော မြို့နယ်များမှ လာရောက်ကြသူများကို အဓိက အလေးထားပြီး Quarantine ဝင်ရမည်ဟု တိုင်းနှင့်ပြည်နယ်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများက ပြောဆိုသည်။
ပြည်နယ်နှင့်တိုင်း အသီးသီးအနေဖြင့် အဝင်အထွက် ခရီးသွားလာသူများကို Quarantine ဝင်ခြင်း၊ မဝင်ခြင်းသည် သက် ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့များ၏ ဆုံးဖြတ်ချက်အပေါ် မူတည်သော်လည်း၊ ဗဟိုအဆင့် COVID-19 ထိန်းချုပ် ကာကွယ်ရေး ကော်မတီ အနေဖြင့် Lockdown ချထားသည့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များကိုသာ အဓိက တားဆီးကာကွယ်ထားခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် တောင်ပိုင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒု ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်က ပြောသည်။
၎င်းက “ကျမတို့ ရှမ်းပြည်နယ် အနေနဲ့ကတော့ အဝင် အထွက်တွေကို မပိတ်ပါဘူး။ ဒါပေမယ့် ကား၊ ရထား၊ လေယာဉ် စတဲ့ ဝင်ပေါက် အသီးသီးမှာတော့ ဂိတ်တွေမှာ ဘယ်က လာတာလဲ၊ ဘယ်ကို သွားမှာလဲ စသဖြင့် ခရီးသွား ရာဇဝင် ယူ ထားပြီး တကယ်လို့ အစိုးရက ကြေညာထားတဲ့ Lockdown ချထားတဲ့ မြို့နယ်တွေက လာတယ်ဆိုရင် သီးခြားအနေနဲ့ သူတို့ကို Quarantine ၁၄ ရက် ဝင်ရမယ်။ သူတို့ တည်းမယ့်အိမ်မှာ Home Quarantine ၇ ရက်ဝင်ရပါမယ်” ဟုဆိုသည်။
ကယားပြည်နယ်၊ မကွေးတိုင်းတို့တွင်လည်း COVID-19 ထိန်းချုပ်နိုင်ရေးအတွက် ထိုကဲ့သို့ မြို့ဝင်မြို့ထွက်များတွင် ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွား ထောက်ခံချက်ပါမှ ဆက်လက် ခွင့်ပြုခြင်းများကို ပြုလုပ်ရန် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားသည်။
နေပြည်တော်သို့ လာရောက်ကြသူများ အနေဖြင့်လည်း COVID-19 ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက်၊ အဝင်အထွက် ဂိတ်များတွင် ခရီးသည်များအား စစ်ဆေးခြင်း၊ Quarantine မဖြစ်မနေ ဝင်ကြရမည်ဖြစ်ပြီး အစိုးရ အပြင် တပ်မတော်၏ စစ်ကြောရေးနှင့် တည်းခိုစခန်းများကိုပါ အသုံးပြု ရန် ပြင်ဆင်ထားကြောင်း သိရသည်။ စက်ဘက်ဘာ ၃ ရက်တွင်ပင် နေပြည်တော်ရှိ တပ်မတော် စစ်ကြောရေးနှင့် တည်းခိုစခန်းတွင် ၁၄ ဦး အထိ Quarantine ဝင်ခဲ့ကြရသည်။
ထို့အတူ ဧရာဝတီတိုင်းတွင်လည်း Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ လာရောက်သူများအနေဖြင့် မိမိ ရောက်ရှိရာ အနီးစပ်ဆုံး အုပ်ချုပ်ရေးမှူးများထံ အမြန်ဆုံး သတင်းပို့ပြီး ကျန်းမာရေး စစ်ဆေးမှုများကို ခံယူ၍ လိုအပ်လျှင် Quarantine ဝင်ခြင်းများကို အမြန်ဆုံး ပြုလုပ်ဖို့ လိုအပ်ကြောင်း၊ ထိုကိစ္စများကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ထံ ညွှန်ကြားထားပြီး ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က ဧရာဝတီသို့ ပြောကြားထားသည်။
ထိုကဲ့သို့ တနင်္သာရီတိုင်း ဒေသကြီး အနေဖြင့်လည်း ကျန်သည့်တိုင်းနှင့် ပြည်နယ် အသီးသီးထက် ရခိုင်ပြည်နယ်မှ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှ လာရောက်သူများ အနေဖြင့် လူထုအခြေပြု Quarantine Center များတွင် ၁၄ ရက် တိတိ နေထိုင်ပြီး ဆေးစစ်မှု၂ ကြိမ်လုံး Negative ဖြစ်မှ အိမ်တွင် ၇ ရက်ထိ ဆက်လက်နေထိုင်ပြီးမှသာ ဆက် လက် ထွက်ခွာခွင့် ပြုမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ပြုလုပ်ရခြင်းသည် ဗဟိုအဆင့် COVID-19 ထိန်းချုပ် ကာကွယ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခြင်း ဖြစ်သလို မိမိတို့ဒေသအတွင်း ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးကို ကြိုတင် ကာကွယ်ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ထွန်းမင်းက ပြောသည်။
ဒေါက်တာ ထွန်းမင်းက “ကျနော်တို့က ဂိတ်တွေမှာ တခြားနေရာတွေတော့ အဝင်အထွက်လောက်ပဲ စစ်တယ်။ ကျန်းမာ ရေး ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုတယ်။ ရခိုင်ကတော့ တိုင်းအစိုးရအဖွဲ့ နယ်လုံဝန်ကြီး ဦးဆောင်တဲ့ COVID-19 ထိန်းချုပ် ရေး အဖွဲ့က ဗဟိုအဆင့်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အသွားအလာ ကန့်သတ်မှု လုပ်တယ်” ဟု ဆိုသည်။
ပြန်လည် ကူးစက် ပျံ့နှံ့နေသည့် COVID-19 ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွင် ရခိုင်ပြည်နယ်မှ ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးသို့ ထွက်လာ၍ ရသည့် လမ်းကြောင်း မျိုးစုံရှိနေသဖြင့် အသွားအလာ ကန့်သတ်မှုကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထိန်းချုပ်ကာ အမိန့် ညွှန်ကြားချက် ထုတ်ပြန်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း က သုံးသပ်သည်။
ဦးနိုင်ငံလင်းက “ရခိုင်မှာ ဒီလောက် ဖြစ်နေတော့ ရခိုင်ကနေ ကျန်တဲ့နေရာ ပေးမထွက်မှကိုပဲ ရမှာ။ ကျနော်တို့ ရန်ကုန်မှာ လည်း ကူးစက်မှု မပြန့်အောင် အစီအမံတွေ လုပ်နေပါတယ်။
အဓိက က ပြည်သူတွေ အားလုံးဟာ မလိုအပ်ဘဲနဲ့ အိမ်ထဲ က မထွက်ဖို့ကို လိုက်နာဖို့ပဲ လိုတယ်။ အဲဒါဆို ပြဿနာမရှိဘူး။ နောက် ရခိုင်ကနေ ဒုတိယလှိုင်း စလာသလား ဆိုတဲ့ စိုးရိမ် စရာတွေ ရှိတယ်။ အဲဒီတော့ ဈေးသွားရင် နှာခေါင်းစည်းတပ်၊ လိုင်းကားပေါ်ဆို မဖြစ်မနေ နှာခေါင်းစည်းမပါရင် ကားပေါ် တောင် ပေးမတက်သင့်ဘူး။ အဲဒီတော့ လူတိုင်းဟာ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့ အထူးမေတ္တာ ရပ်ခံ လိုတယ်” ဟု ဆိုသည်။
ယခုဆိုလျှင် ရခိုင်ပြည်နယ်မှ ထပ်မံ ပျံ့နှံ့ခဲ့သည့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ဗဟိုအဆင့်နှင့် ကိုင်တွယ် ဖြေရှင်းနေကြောင်း၊ တိုင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့ လက်အောက်ရှိ တိုင်းကျန်းမာရေး ဦးစီးဌာနများက မိမိတို့ သက်ဆိုင်ရာ နယ်မြေအလိုက် သင့်တော်သလို ဆောင်ရွက် နေကြောင်း ဗဟိုအဆင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ တာဝန်ခံ ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
၎င်းက “ကျမတို့ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ကတော့ ဘယ်လိုနေရာတွေက Stay at Home လုပ် သင့်တယ်။ ရခိုင်ပြည်နယ်မှာဆို ဘယ်လို အခြေအနေက ဘယ်လို လုပ်သင့်တယ်။ ကျန်တာက ကျန်တဲ့တိုင်းနဲ့ ပြည်နယ် အလိုက် တိုင်းကျန်းမာရေး ဦးစီးဌာနနဲ့ COVID-19 ထိန်းချုပ်ရေး အဖွဲ့တွေက စီမံဆောင်ရွက်တာ ဖြစ်တယ်” ဟု ဆိုသည်။
ယနေ့မနက်ပိုင်း ၁၁ နာရီတွင်ပင် ရခိုင်ပြည်နယ်နှင့် အသွားအလာ ရှိခဲ့သူ ၃၉ ဦးသည် ရန်ကုန်တိုင်းတွင် COVID-19 ရော ဂါပိုး ကူးစက်ခံရမှု ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း ထပ်မံပိုးအသစ်တွေ့ရှိသူ ၃၁ ဦးအထိ ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
ထို့အတွက် ယနေ့ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၁၃၃ ဦး ရှိပြီး သေဆုံးခဲ့သူ ၇ ဦးအထိ ရောက် ရှိလာပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
You may also like these stories:
ဧရာဝတီတိုင်းသို့ Stay at Home မြို့နယ်များမှ လာသူများ သတင်းပို့ရမည်
ရန်ကုန်မှ တိုင်းနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းထက်ဝက်ကျော် ရပ်နား
မန္တလေးတိုင်းသို့ လာသူများ Quarantine ဝင်ရန် ဘတ်ဂျက် အခက်အခဲရှိ