ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ရုရှား သိပ္ပံပညာရှင်တွေရဲ့ ပထမဆုံး အစီရင်ခံစာ ထွက်လာပါတယ်။
အဆိုပါ အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက်တွေကို ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ဂျာနယ်မှာ ဖော်ပြထားပြီး ကနဦး စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူနာတွေဟာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားခဲ့ရသလို ကိုယ်ခံစွမ်း အားကိုလည်း မြှင့်တင်ပေးတယ်လို့ သိရပါတယ်။
ရုရှားထုတ် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို ပြည်တွင်းမှာ အသုံးပြုဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကပဲ ရုရှားနိုင်ငံက မှတ်ပုံတင်နိုင်ခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကတော့ ရုရှားထုတ် COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လုံခြုံမှုနဲ့ ဆေးအာနိသင် ထိရောက်မှုမှာ သံသယ ရှိခဲ့ပေမယ့် ရုရှားအစိုးရကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကို ငြင်းပယ်ခဲ့ပါတယ်။
ရုရှားက ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးဟာ လိုအပ်တဲ့ စစ်ဆေးမှုတွေ အားလုံးကို အောင်မြင်ပြီးဖြစ်ကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့သလို သြဂုတ်လအတွင်းကပဲ သူ့သမီးတယောက်ကို လည်း ကာကွယ်ဆေး ထိုးပေးခဲ့တယ်လို့ ပြောပါတယ်။
Sputnik-V လို့ အမည်ပေးထားတဲ့ ကာကွယ်ဆေးကို ဇွန်နဲ့ ဇူလိုင်လအတွင်းမှာပဲ အသက် ၁၈ နှစ်နဲ့ ၆၀ ကြား ကျန်းမာရေး ကောင်းမွန်တဲ့ စေတနာ့ဝန်ထမ်း ၃၈ ယောက်ကို ကာကွယ်ဆေး ၂ ကြိမ် ထိုးပေးပြီး စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုမှာ ပါဝင်တဲ့ တယောက်ချင်းစီတိုင်းကို ပထမအကြိမ် ကာကွယ်ဆေး ထိုးပေးပြီး ၂၁ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံ ထိုးပေးခဲ့ပါတယ်။
၄၂ ရက် ကြာပြီးနောက်မှာတော့ အဆိုပါ စေတနာ့ဝန်ထမ်းတွေ အားလုံး ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်တာမျိုး မရှိခဲ့တဲ့အတွက်ကြောင့် ရုရှားထုတ် COVID-19 ကာကွယ်ဆေးဟာ ဘေးကင်းတဲ့ဆေး ဖြစ်တယ်လို့ သုတေသန ရလဒ်တွေက ဖော်ပြနေပါတယ်။ တတိယအဆင့်မှာတော့ အသက်အရွယ် မတူညီတဲ့ လူ ၄၀,၀၀၀ ကျော်ကို စမ်းသပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko ကလည်း လာမယ့် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလက စပြီး ကာကွယ်ဆေး အများအပြား ထုတ်လုပ်သွားမှာဖြစ်ပြီး ကူးစက်မှုနှုန်းအန္တရာယ် မြင့်မားတဲ့ အုပ်စုကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: BBC
You may also like these stories:
၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
လူပေါင်း ၄ သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ရုရှား စမ်းသပ်မည်
၃ လအတွင်း ကိုဗစ်ကာကွယ်ဆေး လိုချင်ကြောင်း အင်ဒိုနီးရှား သမ္မတပြော