ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ဘရာဇီးပြီးရင် ကမ္ဘာ့ပေါ်မှာ ကိုဗစ် ကူးစက်မှု တတိယ အများဆုံးနိုင်ငံဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘရာဇီးကို ကျော်ပြီး ကမ္ဘာမှာ ကိုဗစ် ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်လာသလို အာရှနိုင်ငံအတွင်းမှာလည်း ကိုဗစ်ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အိန္ဒိယနိုင်ငံဟာ လူဦးရေများပြားတဲ့ ပြဿနာ၊ အလုပ်လက်မဲ့ ပြဿနာ စတာတွေကြောင့် ကိုဗစ် ကူးစက်သူ အရေအတွက်က ဆက်ပြီး မြင့်တက်လာဖို့ ရှိနေပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံမှာ ကိုဗစ် ကူးစက်လူနာသစ် ၉၀,၈၀၂ ယောက် ရှိခဲ့တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံမှာ လူပေါင်း ၄ ဒဿမ ၂ သန်းကျော် ရောဂါကူးစက်ခံနေရပြီး လူ ၇၀,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူကတော့ ၃ ဒဿမ ၂ သန်းကျော် ရှိနေပါတယ်။
ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်သူ ၂၇ ဒဿမ ၂ သန်းကျော် ရှိပြီဖြစ်သလို သေဆုံးသူပေါင်း ၈၈၀,၀၀၀ ကျော်လာခဲ့ပါပြီ။ အမေရိကန်နိုင်ငံမှာ ရောဂါကူးစက်သူ ၆ ဒဿမ ၄ သန်း၊ ဘရာဇီးနိုင်ငံမှာ ၄ ဒဿမ ၁ သန်း ရှိနေပြီး အိန္ဒိယနိုင်ငံက ဘရာဇီးနိုင်ငံထက် ၇ သောင်းနီးပါး ကူးစက်သူ အရေအတွက် ပိုများနေပါတယ်။
အိန္ဒိယနိုင်ငံမှာ ကူးစက်သူ အရေအတွက် များပြားနေပေမယ့် သေဆုံးသူ အရေအတွက်ကတော့ ကျဆင်းလာနေပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ၅ ရက်အတွင်း အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားနေသလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာလည်း ကူးစက်သူ အရေအတွက် မြင့်တက်လာနေပါတယ်။ အာရှနိုင်ငံအတွင်းမှာဆိုရင်တော့ အိန္ဒိ ယပြီးရင် အီရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကူးစက်မှုအများဆုံးနိုင်ငံတွေ ဖြစ်ကြပါတယ်။
မြန်မာနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ကူးစက်သူ အရေအတွက် များပြားလာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း အထူးဂရုစိုက်ပြီး နေထိုင်ကြရမယ့်အချိန်ကို ရောက်လာပါပြီ။
အိန္ဒိယနိုင်ငံမှာ ကူးစက်နှုန်းမြင့်တက်လာနေချိန်မှာတော့ တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် ကူးစက်သူအရေအတွက် ကျဆင်းလာပါတယ်။ သြဂုတ်လအစောပိုင်းကစပြီး တောင်ကိုရီးယားနိုင်ငံမှာ တကျော့ပြန် ကိုဗစ် ကူးစက်သူအရေအတွက် မြင့်တက်လာခဲ့ပါတယ်။
အများစုကတော့ ဘုရားရှိခိုးကျောင်း၊ စားသောက်ဆိုင်၊ စာသင်ကျောင်းနဲ့ ဆိုးလ်မြို့ဆန္ဒပြပွဲတွေကနေ ကူးစက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ သြဂုတ်လနှောင်းပိုင်းမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ နေ့စဉ် ကူးစက်သူ အရေအတွက် ၄၀၀ ကျော် ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ကူးစက်နှုန်း ကျဆင်းလာခဲ့ပါတယ်။
Ref: aljiazeera, trtworld
You may also like these stories:
ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ရလဒ်ကောင်းမွန်
အင်ဒိုနီးရှားမှာ ဆေးဘက်သုံး စွန့်ပစ်ပစ္စည်းတွေ မြစ်ကြောင်းတလျှောက် ပြည့်လျှံ
ထိုင်းမှာ ကိုဗစ် ပြည်တွင်းကူးစက်လူနာ ပြန်လည် တွေ့ရှိ