ရက်သတ္တ ၂ ပတ်ကြာလျှင် COVID 19 ရောဂါပိုးမှာ ပိုးရှိသူထံမှ အခြားသူများကို မကူးစက်နိုင်တော့သဖြင့် ရောပိုးရှိ သူများနှင့် ထိတွေ့ ဆက်စပ်ထားသူများကို Quarantine ထား စောင့်ကြည့်မည့် ရက်အား ၂၁ရက်အစား ၁၄ ရက် သာ ပြောင်းလဲသတ်မှတ်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အဆိုပါ သတင်း အချက်အလက်ကို ယနေ့မနက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Quarantine Center များနှင့် ပတ်သက်၍ အွန်လိုင်းစကားဝိုင်း ပြုလုပ်ရာတွင် ပြောဆိုသွားခြင်း ဖြစ်သည်။
ထိုစကားဝိုင်းတွင် ရန်ကုန်၌ Quarantine ဝင်နေရသည့် လူဦးရေ များသဖြင့် ကျန်းမာရေး ဝန်ထမ်းများနှင့် လုပ်အားပေး များ လုပ်ငန်းကြပ်တည်းမှု ကြုံကြောင်းနေသဖြင့် ထို့အတွက် Quarantine ရက်ကို လျှော့ချပေးရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ချစ်ကိုဟန်က ပြောဆိုချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေဆိုရာတွင် ရက်လျော့မည့်အကြောင်း ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “၁၄ ရက်လို့ ဘာလို့ ကျမတို့ လျှော့ဖို့ လက်ခံလဲဆိုတော့ စမ်းသပ်တော့ ရောဂါပိုးက ၁၄ ရက် ကြာပြီးရင် တခြားလူတွေကို မကူးတော့ဘူးလို့ တွေ့ရတယ်လို့ ကျမတို့ နားလည်ပါတယ်။ ရောဂါပိုးက မရှိဘူးတော့ မဟုတ် ဘူး။ ရှိတော့ ရှိတယ်။ နည်းပညာပိုင်းတော့ ဘယ်လိုပြောလဲ မသိဘူး။ ကျမ နားလည်သလိုကတော့ ရောဂါက အခွံပဲ ရှိတယ်။ တခြားလူကို ကူးနိုင်တဲ့ အတွင်းက မရှိတော့ဘူးပေါ့။ ဒါကြောင့်၂ ပတ် နောက်ပိုင်းမှာဆိုရင် သူများကို ကူးစရာ မရှိတော့ဘူး” ဟု ပြောသည်။
ထိုစမ်းသပ်စစ်ဆေးချက်မှာ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့များက တွေ့ရှိထားခြင်း ဖြစ်သည် ဟုလည်း ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “၂ ပတ်ပဲ ထားမယ်ဆိုရင် ကျမတို့ Quarantine စင်တာတွေကလည်း ပိုပြီး လွတ်လာမယ်။ လစ်လပ်သွားမှာပေါ့။ လိုအပ်တဲ့နေရာတွေအတွက်။ ကျမတို့ ကျန်းမာရေးဝန်ထမ်းတွေရော ဗော်လန်တီ ယာတွေရော ဒီအခြေအနေကို ကိုင်တွယ်နိုင်မယ်လို့ ခန့်မှန်းပြီး စဉ်းစားတာပါ။ အဲဒါကတော့ စိတ်ချရတယ်ဆိုမှ ကျမတို့ က လုပ်မှာပါ။ ကျမတို့ ကျန်းမာရေးဝန်ကြီးဌာန ကတော့ စိတ်ချရတယ်ဆိုတာက ၉၀ ရာခိုင်နှုန်းကျော် ပါတယ်တဲ့။ ကျမတို့ ဒါကို မကြာခင် တရားဝင် အသိပေးပါ့မယ်” ဟုလည်း ပြောသည်။

စကားဝိုင်းတွင် Quarantine ရက်ကို လျှော့ချပေးရန် ပြောသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှူး ဒေါက်တာချစ်ကိုဟန်က ရန်ကုန်မြို့တွင် လက်ရှိ Quarantine ထားကာ စောင့်ကြည့်ထားသူ ဦးရေ ၆၀၀၀ ကျော် သည်ဟု ဆိုသည်။
ထို ၆၀၀၀ ကျော်ကို စီမံခန့်ခွဲရာတွင် Quarantine Center ၌ စည်းကမ်း မလိုက်နာမှုများ၊ နေအိမ်များမှ အစားအသောက်၊ အသုံးအဆောင်များ ပို့ရာတွင် ခြင်းတောင်းအတွင်း အရက်၊ ဆေးလိပ်များ ခိုးဝှက် ထည့်ပေးခြင်းများ၊ စင်တာအတွင်း စည်းကမ်း မလိုက်နာသဖြင့် ရဲနှင့် လုံခြုံရေးဝန်ထမ်းများ ခေါ်ယူ ဖြေရှင်းရသည်များကြောင့် ကျန်းမာရေး ဝန်ထမ်းများနှင့် လုပ်အားပေးများက အလုပ် အပိုများ လုပ်နေရကြောင်းကိုလည်း ၎င်းက ထည့်သွင်း ဆွေးနွေးသည်။
ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကလည်း ဆေးရုံများနှင့် Quarantine Center များတွင် လုပ်အားပေးလုပ်သူ များ ပစ္စည်းသယ်ယူမှုများ အဆင်ပြေစေရန် ပစ္စည်းသယ်သည့် ထရော်လီများ၊ စကားပြောစက်များ ၊ အခြားလိုအပ်သည့် ပစ္စည်းများအတွက် ဝယ်ရန် အစိုးရမှ ချပေးသည့် အသုံးစရိတ်တွင် မပါသဖြင့် တဖက်မှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အလှူ ရှင် ရှာရသည်ဟု သိရသည်။
ဒေါက်တာ ချစ်ကိုဟန်က “ကျနော်တို့မှာ ရန်ကုန်ဆိုတော့ လူဦးရေကလည်းများတယ်။ ကျနော်တို့မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဝန်ထုပ်ဝန်အား ဖိအားတွေများပါတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကျတော့ မြင်သာအောင် ပြောရမယ်ဆိုရင် ထားဝယ်ရေအိုးရွက် အကနဲ့ ဆီမီးခွက် အကကို တပြိုင်တည်း ကရသလို ဖြစ်နေပါတယ်” ဟု ဆိုသည်။
ပြည်သူလူထုအနေဖြင့် နေအိမ်ပြင်ပသို့ မထွက်ဘဲ Stay at Home သတ်မှတ်ထားသည့် နေရာများတွင် တင်းတင်း ကြပ်ကြပ် လိုက်နာပါက ရောဂါကူးစက်မှုကို ဟန့်တားနိုင်မည်ဖြစ်ပြီး Quarantine ရက်ကိုလည်း လျှော့ချပေးပါက တဖက်တွင် ရောဂါ ထိန်းချုပ်ရေးအတွက် လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများလည်း ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးကို ဟန်ချက် ညီညီလုပ်နိုင်မည် ဟု ဒေါက်တာ ချစ်ကိုဟန်က ဆိုသည်။
ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးကိုသာ လုပ်ဆောင်ရသည် မဟုတ်ဘဲ Quarantine Center အတွင်း ထားရှိထားသူများ၏ လိုအပ်ချက်များကိုလည်း လိုက်လံဖြည့်ဆည်းရပြီး ရောဂါပိုးရှိသူများနှင့် ထိစပ်ထား သူများကို ရပ်ကွက်များအတွင်း လိုက်လံခေါ်ဆောင်ရရာတွင်လည်း လုပ်အားပေးများနှင့် ဆေးရုံကားများမှာ ခေါက်တုန့် ခေါက်ပြန် သွားလာနေရသဖြင့် လုပ်အားပေးများလည်း ထပ်လိုအပ် နေပါသည်ဟု ဒေါက်တာချစ်ကိုဟန်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကို အားလုံးက ဝိုင်းထိန်းချုပ်ကြရန် လိုအပ်ပြီး ကျန်းမာရေး ဝန်းထမ်းများ၊ အစိုးရ တာဝန်ရှိသူများအပြင် ပြည်သူလူထုကလည်း ဝိုင်းထိန်းချုပ် ကူညီပေးကြပါဟု ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေက ဝိုင်းပြီး ကူညီပေးကြပါ။ နေပြည်တော်ကိုတော့ ကျမတို့က ဂရုစိုက်ပေး နေမယ် ဆိုတော့ ရန်ကုန်ကိုတော့ ရန်ကုန်သူ ရန်ကုန်သားများက။ အဲဒီလို ပြောလို့ အခြားတိုင်းနဲ့ ပြည်နယ်တွေက မကျေမနပ် ဖြစ်ရင် ဖြစ်နေဦးမယ်။ လိုအပ်ချက်အရပါ။ ရန်ကုန်ကို မျက်နှာလိုက်တာ ကျမက ရန်ကုန်သူ မို့လို့ မဟုတ်ပါ ဘူး။ ရန်ကုန်မှာက ကိုဗစ်ရောဂါကို ထိန်းချုပ်ဖို့ အထူး လိုအပ်နေလို့ပါ” ဟုလည်း မေတ္တာရပ်ခံကြောင်း ပြောသည်။
ရန်ကုန်သည် စီးပွားရေး မြို့တော်ဖြစ်ပြီး ပြည်သူများ၏ မြို့တော်ဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အထူး ထိန်းချုပ်ရန် လိုအပ်ပါသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က နှစ်ကြိမ် ထည့်သွင်း ပြောဆိုသွားသည်။
မြန်မာနိုင်ငံတွင်း ရောဂါပိုး ထပ်မံ၍ အများအပြား ကူးစက်လာမှုအစကို ရခိုင်ပြည်နယ် စစ်တွေမြို့မှ စ၍ သြဂုတ် ၁၆ ရက် တွင် စတင် တွေ့ရှိရခြင်း ဖြစ်သည်။
ထို့ကြောင့် ရောဂါစတင် ကူးစက်မှု ဖြစ်လာသည့် သြဂုတ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ လေကြောင်းဖြင့် ခရီးသွားထားသည့် လူဦးရေ ၅၇၀၀ ကျော်ကို ဆက်သွယ်ရန်၊ ဆေးစစ်ပေးမည် ဖြစ်ကြောင်း အစိုးရက နိုင်ငံတော်ပိုင် သတင်းစာများတွင် ကြေညာသည့်အပြင် ရပ်ကွက်များ၌လည်း လက်ကိုင်စပီကာများဖြင့် လိုက်လံ သတိပေးသော်လည်း ရန်ကုန်မြို့တွင် သတင်းပေးရန် ပျက်ကွက်နေသူ ဦးရေ ၄၀၀၀ ဝန်းကျင် ရှိနေသည်။
လာရောက် မဆက်သွယ်သူများကို နေရပ်လိပ်စာနှင့်တကွ ထပ်မံ ကြေညာနိုင်ရန်လည်း အစိုးရဘက်မှ ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပြီး အစိုးရကို မဆက်သွယ်ဘဲ နေထိုင်နေသည့် ရခိုင်ပြန်များကိုလည်း အိမ်နီးနားချင်းများမှ အကြောင်းကြားပေးကြရန်နှင့် We Love Yangon အဖွဲ့ကလည်း ကူညီရှာဖွေပေးရန် ပြောသည်။
ယနေ့စကားဝိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ဆွေးနွေးပြီး ဒေါက်တာ ချစ်ကို ဟန်၊ နေပြည်တော် ကောင်စီနယ်မြေမှ ကောင်စီဝင် ဦးညီထွန်းနှင့် We Love Yangon မှ ဦးမောင်မောင်အေး တို့ ပါဝင် ဆွေးနွေးသည်။
မြန်မာနိုင်ငံတွင် ပြည်ပမှ ပြန်လာသူများထဲမှ ကိုဗစ်-၁၉ ရောဂါပိုး စတင်ကူးစက်ခံရမှုကို မတ် ၂၃ ရက်က စတင်တွေ့ရှိခြင်း ဖြစ်သည်။
ရောဂါပိုး ကူးစက်မှုများကို စတင်တွေ့ရှိချိန်က ရောဂါပိုးရှိသူနှင့် ဆက်စပ်ထိတွေ့ထားသူများ၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသူ များကို Quarantine Center များတွင် သီးခြားခွဲထားကာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းကို ၁၄ ရက် (ရက်သတ္တပတ် ၂ ပတ်) ထားရန် သတ်မှတ်ခဲ့သည်။
သို့သော် Quarantine ကာလ ကျော်လွန်ပြီးမှ ရောဂါပိုးကူးစက်ခံရသူအချို့ တွေ့သဖြင့် ဧပြီ၊ ဒုတိယပတ်တွင် Quarantine ကာလကို ၂၁ ရက်သို့ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မတ်၂၃ ရက်မှ ယနေ့အထိ ဓာတ်ခွဲစစ်ဆေးထားသူ ဦးရေစုစုပေါင်း ၁ သိန်း ၆ သောင်းကျော်ရှိပြီး ထိုထဲမှ ပိုးတွေ့ထားသူ ဦးရေ ၁၄၆၄ ဦး ရှိသည်။
ပိုးတွေ့လူနာထဲမှ ၈ ဦး သေဆုံးထားပြီး ၃၈၅ ဦးမှာ ပြန်လည် ကျန်းမာသက်သာလာသူများ ဖြစ်သည်။ လက်ရှိတွင် မြန်မာ တနိုင်ငံလုံး၌ Quarantine Centerများတွင် စောင့်ကြည့်ထားသူ ဦးရေ ၇၇၆၆ ဦး ရှိသည်။
You may also like these stories:
ကိုဗစ်ဒုတိယလှိုင်း ကူးစက်ခံရသူ ၁၀ ရာခိုင်နှုန်း ကျန်းမာရေးဝန်ထမ်းများဖြစ်
Quarantine ကာလနှင့် ကိုဗစ်လူနာများ ဆေးရုံဆင်းခြင်းဆိုင်ရာ သတ်မှတ်ချက် ပြောင်းလဲရန်ရှိ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆွယ်ခရီးစဉ် ဖျက်သိမ်း