ကမ္ဘာမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားလာပြီးနောက်ပိုင်း ဆေးဘက်ဆိုင်ရာပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက ကာကွယ်ဆေး ရရှိဖို့ ကြိုးစားခဲ့ကြပါတယ်။
ရုရှားနိုင်ငံကတော့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ပြည်တွင်းမှာ အသုံးပြုဖို့ မှတ်ပုံတင်နိုင်ခဲ့သလို လက်ရှိမှာလည်း စမ်းသပ် သုံးစွဲနေပါတယ်။ ရုရှားနိုင်ငံနည်းတူပဲ ကျန်နိုင်ငံအများစုကလည်း ကိုဗစ် ကာကွယ်ဆေး ရရှိဖို့ ကြိုးစားရှာဖွေနေကြပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့လည်း လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း COVID-19 ကာကွယ် ဆေး ပထမအသုတ် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က စက်တင်ဘာ ၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း သြစတြေးလျနိုင်ငံက ပြည်နယ်တချို့မှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပေမယ့် ၁၀ ပတ်အတွင်းမှာပဲ ကူးစက်နှုန်းက သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ ကိုဗစ် ကာကွယ်ဆေးအတွက် အလားအလာရှိတဲ့ ဆေး ၂ မျိုးကို ထုတ်လုပ်ဖို့ CSL ကုမ္ပဏီ (CSL.AX) နဲ့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ကာကွယ်ဆေး ၂ မျိုးအနက် ပထမဆေးက AstraZeneca (AZN.L) နဲ့ အောက်စဖို့ဒ်တက္ကသိုလ် ပူးပေါင်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပြီး နောက်တမျိုးကတော့ ကွင်းစလန်းတက္ကသိုလ် CSL ကိုယ်ပိုင်ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ ကာကွယ်ဆေးပါ။
သြစတြေးလျနိုင်ငံအနေနဲ့ COVID-19 ကို တိုက်ဖျက်နိုင်ဖို့ ခြေလှမ်းသစ်တခု လှမ်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ကာကွယ်ဆေး ၂ မျိုးလုံးကို ဦးဆောင်နေတဲ့ သိပ္ပံပညာရှင်တွေရဲ့ သက်သေအထောက်အထားအရ ကာကွယ်ဆေး ၂ မျိုးစလုံးဟာ ရေရှည် ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေ ဖြစ်တယ်လို့ သြစတြေးလျ ကျန်းမာရေးဝန်ကြီး ဂရက်ဟန့်တ်က ပြောပါတယ်။
AstraZeneca (AZD1222) ကာကွယ်ဆေးကို ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေပြီး လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ အတွင်း ကာကွယ်ဆေး ၃ ဒသမ ၈ သန်း ထုတ်လုပ်ပေးနိုင်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လအတွင်း AZD1222 ကာကွယ်ဆေးကို ဝယ်ယူမယ်လို့ ကြေညာခဲ့ပြီး နောက်ပိုင်း သြစတြေးလျနိုင်ငံထုတ် CSL ကာကွယ်ဆေး စမ်းသပ်မှု အောင်မြင်ခဲ့မယ်ဆိုရင်လည်း ကာကွယ်ဆေး ဝယ်ယူမယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေကိုကြည့်ရင် သြစတြေးလျအစိုးရအနေနဲ့ ကာကွယ်ဆေး ၂ မျိုးလုံး ရရှိဖို့ ကြိုးစားနေတယ်ဆိုတာ သိသာပါတယ်။
CSL ကာကွယ်ဆေးကိုတော့ ၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာ ဒုတိယအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်တဲ့အတွက် ၂၀၂၁ ခုနှစ် အလယ်ပိုင်းလောက်မှ ဈေးကွက်ကို ရောက်ရှိလာနိုင်ပါမယ်။ သြစတြေးလျအစိုးရအနေနဲ့ ကာကွယ်ဆေး ၈၅ သန်းနီးပါးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၄ ဘီလီယံ ကုန်ကျမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
Ref: Reuters
You ma also like these stories:
တိုင်းနှင့်ပြည်နယ်များသို့ ကိုဗစ်ဖြစ်ပွားနေသည့် မြို့များမှ လာသူများ Quarantine ဝင်ရမည်
စစ်တွေမှ ပြန်လာပြီး လျှို့ဝှက်နေသူများ အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
ထိုင်းမှာ ကိုဗစ် ပြည်တွင်းကူးစက်လူနာ ပြန်လည် တွေ့ရှိ