ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ တွေ့ရှိမှု အများဆုံး သင်္ဃန်းကျွန်းမြို့နယ်၏ ရပ်ကွက် ၁၀ ခု၌ ကျန်းမာရေးစစ်တမ်း ကောက်ယူမှုကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ ပြုလုပ်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ယနေ့ မွန်းလွဲပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ ၁၆၁၀ ဦးရှိနေပြီး ပိုးတွေ့မြို့နယ်များအနက် သင်္ဃန်းကျွန်းမြို့နယ်က ၇၄ ဦးဖြင့် အများဆုံး ဖြစ်နေ သည်။
ထို့ကြောင့် အဆိုပါ စစ်တမ်းကောက်ယူမှုကို ပထမဆုံး ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်း၊ ခရိုင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကိုဗစ်ကော်မတီနှင့် ရပ်/ကျေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ် ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်က ဧရာဝတီကို ပြောသည်။
အပူချိန်တိုင်းမော်တော်ယာဉ် ၁၀ စီးဖြင့် ကိုဗစ်လူနာ အတွေ့များသည့်၊ လူဦးရေထူထပ်သည့်၊ ရခိုင်ဒေသမှ ပြန်လာသူ ရှိ သည့် ရပ်ကွက် ၁၀ ခုအတွင်း ကိုယ်အပူချိန်တိုင်းခြင်း၊ ရောဂါလက္ခဏာ(ချောင်းဆိုး၊ နှာချေ၊ အနံ့ပျောက်) နှင့် ခရီးသွား ရာဇဝင်များ ဖြည့်ခိုင်းခြင်းတို့ ပြုလုပ်ကြောင်း သိရသည်။
ဦးအောင်ထိုက်က ကျန်းမာရေး စစ်ဆေးမှု လာရောက်ခံယူသည့် လူဦးရေ အတိအကျစာရင်း မထုတ်ပြန်နိုင်သေးသော် လည်း မြို့နယ်လူဦးရေ ထက်ဝက်ခန့် ပြီးမည်ဖြစ်ပြီး တခြားရပ်ကွက်များနှင့် ကျန်ရှိသူများအတွက် နောက်ရက်ပိုင်း၌ အိမ် တိုင်ရာရောက် လိုက်လံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယနေ့ စစ်ဆေးပြီးသူများအနက် ကိုယ်အပူချိန်မြင့်နေသူ ၅ ဦး ကို သင်္ဃန်းကျွန်း ဆေးရုံကြီးသို့ လွှဲထားကြောင်း ရှင်းပြသည်။
“ကျနော်တို့ မြို့နယ်အတွင်း၊ ရပ်ကွက်အတွင်းမှာ ဒီရောဂါပိုးတွေ ဆက်ပြီး ပြန့်ပွားမှု မရှိအောင် Contact tracing ရောဂါပိုး ထိတွေ့တဲ့သူတွေနဲ့ လိုက်ပြီး ရှာဖွေဖော်ထုတ်တဲ့ဟာပေါ့။ ဒါကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရင် ရောဂါဖြစ်ပွားမှု နှုန်းက ထိန်းချုပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ လိုပါ တယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ စစ်တမ်းယူခြင်းအားဖြင့် အဖျားရှိသူဦးရေ၊ နှာခေါင်း အနံ့ပျောက်သူ ဦးရေ စသဖြင့် သိရှိရမည်ဖြစ်ပြီး ထိုအခြေ အနေများကို ပြန်လည်သုံးသပ်ကာ သံသယလူနာနှင့် အာခေါင်၊ နှာခေါင်းတို့ပတ် ယူရန်လိုအပ်မည့်သူများ ထွက်ပေါ်လာပြီး မြန်မြန် ကုသမှုပေးကာ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီအဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ပြောသည်။
စစ်တမ်းကောက်ယူရာ၌လည်း လူစုလူဝေး မဖြစ်စေရန်၊ ပြည်သူလူထု ဘေးကင်းစေရန် ထည့်သွင်းစဉ်းစားပြီးမှ ယခုစီမံ ချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကူးစက်နှုန်းမြန်ပြီး များသကဲ့သို့ အစုဝေးလိုက် ဖြစ်ခြင်းများကြောင့် ပိုမို သတိပြု ဆင်ခြင်ကာ ကျန်းမာရေးဌာနက ထုတ်ပြန်သည့် အသိပေးချက်၊ အမိန့်ညွှန်ကြားချက်များနှင့် ဒေသန္တရအမိန့်များ ကို ပြည်သူများ အနေဖြင့် လိုက်နာကာ စုပေါင်းအားဖြင့် ခုခံစေချင်ကြောင်း ၎င်းက တိုက်တွန်းသည်။
လူဦးရေ ၂၁၀,၀၀၀ ကျော် နေထိုင်သည့် သင်္ဃန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်ရှိပြီး သုဝဏ္ဏ ၂၉ ရပ်ကွက် ရှိ ဆောက်လုပ်ရေးသင်တန်းကျောင်းတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ခံရသူ ၆၁ ယောက် ရှိကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပိုးအတွေ့များ သည့် မြို့နယ် ၇ ခုအား နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ ရာ သင်္ဃန်းကျွန်းမြို့နယ်လည်း အပါအဝင် ဖြစ်သည်။
You may also like these stories:
COVID-19 ကြောင့် အကျဉ်းထောင်အသီးသီးတွင် ထောင်ဝင်စာ ပိတ်ပင်
ကိုဗစ်ပိုးတွေ့သူများထားရန် ကွာရန်တင်း စင်တာများ လိုအပ်နေ
ရခိုင်မှပြန်လာကြောင်း သတင်းပေးပို့ရန် ပျက်ကွက်သူ ၄၀၀၀ ခန့်ရှိနေ