ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ကလေးငယ်တွေလည်း ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီနဲ့ ကလေးဆေးရုံ အဖွဲ့ကြီးတို့ရဲ့ ထုတ်ပြန်ချက်အရ ကလေးငယ် ၅ သိန်းကျော် ကူးစက်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်မှာ ကလေးငယ် ၇၀,၆၃၀ ဦးဟာ သြဂုတ်လ ၂၀ ရက်ကနေ စက်တင်ဘာ ၃ ရက်အတွင်း ကူးစက်ခံရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကူးစက်မှုအရေအတွက်ဟာ ၂ ပတ်အတွင်းမှာ ၁၆ ရာခိုင်နှုန်းတိုးမြင့်လာတာဖြစ်ပြီး စုစုပေါင်း ၅၁၃,၄၁၅ ဦး ကူးစက်ခံထားရပါတယ်။
“ဒီအရေအတွက်က ကျနော်တို့ ဗိုင်းရပ်စ် ကူးစက်မှုကို အလေးပေး ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း သတိပေးလိုက်သလိုပါပဲ။ အခုဆိုရင် COVID-19 အကြောင်းကို သေချာ မသိသေးရင်တောင် ကလေးငယ်တွေမှာပါ ဗိုင်းရပ်စ် ကူးစက်ခံနေရတယ်ဆိုတာ တော်တော်များများ သိလာကြပါပြီ” လို့ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီ ဥက္ကဋ္ဌ ဒေါက်တာ Sally Goza က ပြောကြားလိုက်ပါတယ်။
“ဒါဟာ နွေရာသီမှာ ကူးစက်မှုတွေများတာ တွေ့ရတာပါ။ ဆောင်းဝင်လာရင်တော့ အခန်းတွင်းနေချိန်တွေ ပိုများလာတော့မယ်။ တုပ်ကွေးရာသီလည်း ရောက်တော့မှာဖြစ်လို့ ပြည်သူ့ကျန်းမာရေးအခြေအနေတွေကို တတ်နိုင်သမျှ အလေးပေး ကူညီဆောင်ရွက်သွားမယ်” လို့ အမေရိကန်ကလေးဆေးပညာ အကယ်ဒမီ ဒုဥက္ကဋ္ဌ ဒေါက်တာ Sean O’Leary က ဆိုပါတယ်။
အမေရိကန် ကလေးဆေးပညာ အကယ်ဒမီ (AAP) က ကလေး ၆ လကနေစပြီး အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက ထောက်ခံထားတဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကလေးငယ်တွေကို အောက်တိုဘာ မကုန်ခင် တုပ်ကွေးကာကွယ်ဆေး ထိုးပေးရမယ့်အပြင် နှာစေးတာ သက်သာစေမယ့် Nasal spray ဘူးတွေလည်း အသင့်စောင်ထားကြဖို့ အကြံပေးထားပါတယ်။
တုပ်ကွေးရောဂါနဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာ ဆင်တူတာမို့ ဂရုစိုက်သင့်တယ်လို့ ဆိုပါတယ်။ ရောဂါ ၂ ခု လက္ခဏာ ဆင်တူပေမယ့် JAMA Network Open က လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကလေးငယ်တွေမှာ ကိုယ်အပူချိန်များတာ၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အော့အန်တာမျိုးတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
တုပ်ကွေးနဲ့ COVID-19 ရောဂါကြောင့် ဆေးရုံတက်ကုသရတဲ့ ကလေးငယ် အရေအတွက် နီးပါးတူညီပြီး အရေးပေါ် ဂရုစိုက်ရတာမျိုးနဲ့ အသက်ရှုစက်တပ် ရတာမျိုးတွေလည်း ရှိပါတယ်။ CDC ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ တုပ်ကွေးရာသီမှာ ကလေးငယ် ၁၈၈ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်
ကိုဗစ်နဲ့ဝမ်းရေးကြားက စက်ရုံအလုပ်သမများ