Coronavirus Update

တိုင်းနှင့်ပြည်နယ်အချို့၏ ကန့်သတ်ချက်ကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အခက်တွေ့

Want create site? Find Free WordPress Themes and plugins.

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကုန်တင်ယာဉ်များကို ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ဝင်ထွက်ခွင့်ပြုရန် ညွှန်ကြားထားသော်လည်း တိုင်း နှင့် ပြည်နယ်အစိုးရ တချို့က ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ထားသောကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း များ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဦးကျင်သိန်းက “ ကျနော်တို့ဆီကို ရောက်လာတဲ့ ညွှန်ကြားချက်က ကျန်းမာရေးစစ်မယ်၊ ကျန်းမာရေးကောင်းရင်သွား လို့ရတယ်ဆိုတာမျိုးပေါ့။ အခုက အောက်က အဖွဲ့လေးတွေက အလွဲလေးတွေ လုပ်နေတာရှိတာ။ ဘာကုန်စည်ပါတာလဲ ယာဉ်မောင်းလိုင်စင် ဘာလိုင်စင် ညာလိုင်စင် ဆိုတာတွေက လိုက်စစ်ပြီး သိပ်ပေးမထွက်တာတွေ ရှိနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ယာဉ်မောင်းနှင့် ယာဉ်များ လဲလှယ်ရမည့် ကိစ္စများသည် လက်တွေ့မဆန်သလို ကုန်စည် ဝန်ဆောင်ခ နှုန်းထားများ၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်အပြင် နောက်ထပ် ယာဉ်မောင်းခ နှင့် သယ်ယူစရိတ်ပါ ထပ်ပိုလာ မည်ဖြစ်ခြင်းကြောင့် ဝန်ဆောင်ခစရိတ်များ ပြန်တက်လာပြီး ကုန်စည်ဈေးနှုန်းများ မြင့်တက်သွားနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးမှ ထွက်ရှိသော ထုတ်ကုန်များသည် ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံး လာရောက်ပြီး ထိုကုန်စည်များကို ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းနှင့် ပြည်နယ်များ သို့ ပြန်လည်ကူးသန်း ရောင်းဝယ်ရသည် ဖြစ်ခြင်းကြောင့် ကျန်းမာရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ကြရသော်လည်း စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရေး အတွက်ကိုလည်း တိုင်းနှင့် ပြည်နယ် အစိုးရများအနေဖြင့် ထည့်သွင်း စဉ်းစားသင့်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြပြောဆိုကြသည်။

ဘုရင့်ကုန်စည်ဒိုင်အခြေစိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်နေသော ကုန်တင်ယာဉ်ပိုင်ရှင်တဦးက “ ကျနော်တို့ ရန်ကုန်က ထွက်လာတဲ့ ကားတွေကို တချို့ဂိတ်တွေမှာ သစ်တွေ သယ်လာလား ဆိုပြီး စစ်ဆေးမှုတွေ တောင် ရှိတယ်။ ဒါတွေက ဘာဆိုင်လဲဗျာ အခုက အကုန်လုံးရောထွေးပြီး လုပ်ချင်တိုင်းကို လုပ်နေကြတာ” ဟု ပြောဆိုသည်။

မန္တလေးတိုင်းအတွင်းတွင်လည်း ကုန်စည်စီးဆင်းမှုကို မရပ်တန့်စေရန်အတွက် ကုန်တင်ယာဉ်များကို ဝင်ထွက် ခွင့်ပြုမည် ဖြစ်သော်လည်း ယာဉ်နှင့်အတူ ပါလာမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား မန္တလေးမြို့သို့ တိုက်ရိုက်ဝင်ရောက်မှုကို စက်တင်ဘာ ၁၀ ရက်နေ့က စတင် ကန့်သတ်လိုက်သည်။

“ ကျနော်တို့ဆီကို ရောက်လာတဲ့ ညွှန်ကြားချက်က ကျန်းမာရေးစစ်မယ်၊ ကျန်းမာရေးကောင်းရင်သွား လို့ရတယ်ဆိုတာမျိုးပေါ့။ အခုက အောက်က အဖွဲ့လေးတွေက အလွဲလေးတွေ လုပ်နေတာရှိတာ။ ဘာကုန်စည်ပါတာလဲ ယာဉ်မောင်းလိုင်စင် ဘာလိုင်စင် ညာလိုင်စင် ဆိုတာတွေက လိုက်စစ်ပြီး သိပ်ပေးမထွက်တာတွေ ရှိနေတယ်”

မန္တလေးအခြေစိုက် အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းအားလုံးကိုလည်း စက်တင်ဘာ ၁၁ ရက်မှ စတင်၍ ယာယီ ရပ်နားလိုက်ပြီး ကုန်တင်ယာဉ်များကိုလည်း မန္တလေးမြို့သို့ မရောက်မီ ရမည်းသင်းမြို့အထိသာ ဝင်ခွင့်ပြုပြီး ယာဉ် မောင်း၊ ယာဉ်နောက်လိုက်နှင့် ကားအပြောင်းအလဲ လုပ်ပြီးမှသာ ကုန်စည်များကို သယ်ယူခွင့်ပြုမည် ဖြစ်သည်။

မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဦးကျင်သိန်းက “ ရမည်းသင်းမှာ ယာဉ်ထားခဲ့ပြီ ဆိုပါတော့ ဒီက ယာဉ်မောင်းတွေက ဘယ်လို နေထိုင်မှာလဲ၊ နေ့စဉ် အစီးရေ ထောင်ချီသွားနေတဲ့ ကုန်တင်ယာဉ်တွေအတွက် နောက်ထပ် ယာဉ်ထောင်ချီက အဆင်သင့်ရှိနေနိုင်မှာလား မေးစရာတွေ အများကြီး ရှိလာတယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသအစိုးရအဖွဲ့ကမူ မန္တလေးကဲ့သို့ ညွှန်ကြားချက်မျိုးကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသော်လည်း ရန်ကုန်- မန္တလေး အမြန်လမ်း နှင့် ရန်ကုန်- ပဲခူး အဝင်အထွက် နေရာများကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ကုန်တင် ယာဉ်များကို သွားလာခွင့် မပြုသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ရခိုင်ပြည်နယ်မှအပ အခြား တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် ကုန်တင်ယာဉ်များကို အကန့်အသတ်များ မလုပ်ဆောင်ရန် စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ညွှန်ကြားထားရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်းသာ လုပ်ဆောင်ရန် ညွှန်ကြား ထားသည်ဟု သိရသည်။

သို့သော် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ ကုန်တင်ယာဉ်နှင့် ယာဉ်မောင်းများ လဲလှယ်သည့် စနစ်ကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှု ပြန်လည်ဖြေကြားခဲ့သည်။

မန္တလေးတိုင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းဝင် မန္တလေး – မူဆယ်အဝေးပြေး ကုန်စည်ဂိတ်မှ ဦးမျိုးဆွေက “ ရမည်းသင်းမှာက ကုန်အတင်အချ လုပ်စရာနေရာလည်း မရှိဘူး။ အေးခဲကုန်စည်တွေ အတွက် ကွန်တိန်နာလိုမျိုးစတဲ့ Logistic နဲ့ ဆိုင်တာမျိုးလည်း ရှိမနေဘူး။ ဒါကြောင့် အခုအစီအစဉ်က ကုန်စည် ပို့ဆောင်ရေးအတွက် အတော်ဒုက္ခရောက်ကြမှာ” ဟု ပြောသည်။

ရမည်းသင်းမြို့တွင် ယာဉ်မောင်း နှင့် ကားများအား အပြောင်းအလဲလုပ်မည့် အစီအစဉ်အစား ကုန်တင်ယာဉ်များအား အများပြည်သူ အသွားအလာနည်းသည့် ညပိုင်းတွင် အချိန်ကာလတခု သတ်မှတ်၍ မြို့များအတွင်း ဖြတ်သန်းစေခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးထောက်ခံချက်များဖြင့် သွားလာစေခြင်း၊ ဖြတ်သန်းမည့် ယာဉ်များအား သက်ဆိုင်ရာ ကားကွင်းများတွင် ကုန်အတင်အချ ပြီးပါက ပိုးသတ်ဆေးဖြန်းခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခွင့်ပြုပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

လုပ်ငန်းရှင်များတောင်းဆိုကြသော ထိုအချက်များသည် ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက်များနှင့် တူညီနေပြီး လက်ရှိတွင် ကုန်တင်ယာဉ်များ တိုင်းနှင့် ပြည်နယ်များသို့ ဖြတ်သန်းသွားလာခွင့်များ ပိုမိုအဆင်ပြေနိုင်စေရေးအတွက် ရန်ကုန် နှင့် မန္တလေးတိုင်းအခြေစိုက် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အသင်းများက သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရများသို့ တင်ပြဆွေးနွေးရန် ပြင်ဆင်နေလျက်ရှိသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာနိုင်ငံအနှံ့အပြားသို့ ကုန်စည်များ နေ့စဉ် သယ်ယူပို့ဆောင်နေသည့် ကုန်စည်ပို့ဆောင်ရေးကုန်တင်ယာဉ်ပေါင်း အစီးရေ ၄၀၀၀ ကျော် မှ ၅၀၀၀ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

You may also like these stories:

ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်

ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားပိုင် ကုန်စည်ပို့ဆောင်ရေး ဂိတ်များ တရုတ် ပိတ်သိမ်းရန် ပြင်

ရခိုင်ဝင်မည့် ကုန်ကားများ ယာဉ်မောင်း လဲလှယ်စနစ်ဖြင့် ဆောင်ရွက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading