ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် ၁ ရဲစခန်း(မြို့မ)၌ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက် ခံရသဖြင့် စခန်းတခုလုံးကို စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ Lockdown ချထားကြောင်း သိရသည်။
ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး မောင်မောင်စိုးက “မြို့မစခန်းကို လော့ဒေါင်း ချထားလိုက်ပါတယ်။ ပိုးတွေ့တဲ့ စခန်းက တပ်ဖွဲ့ဝင် ၅ ယောက်ကို တော့ မနေ့ကပဲ ဆေးရုံကို ခေါ်သွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရဲတပ်ဖွဲ့ဝင်များ ကိုဗစ်ပိုး ကူးစက်ခံရသည့်အတွက် တခြားတပ်ဖွဲ့ဝင်များကိုလည်း လက်ရှိအချိန်တွင် စခန်း ထဲ၌ Quarantine ထားရှိကာ မြို့မစခန်း နယ်မြေအတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များကိုလည်း စစ် တွေမြို့ရှိ အမှတ် (၂) ရဲစခန်းမှ ပူးတွဲ တာဝန်ယူ ကိုင်တွယ် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါ ပိုးကူးစက်ခဲ့သည့် တပ်ဖွဲ့ဝင်များထဲတွင် ရဲအရာရှိများ၊ ရဲတပ်သားများ ပါဝင်သလို မိသားစုဝင်များ လည်း ပါဝင်ကြောင်း စစ်တွေမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်တဦးက ဆိုသည်။
၎င်းက “ပြီးခဲ့တဲ့ ၃ ရက်လောက်က တပ်ဖွဲ့ဝင် ၁ ဦး ပိုးတွေ့တယ်။ နောက်ထပ် စခန်းက လူတွေကို စစ်ဆေးလိုက်တော့ အရာရှိ၂ ဦး၊ တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အိမ်ထောင်သည် မိသားစု ၃ ဦး ပိုးတွေ့တယ်။ ဘယ်ကနေ ကူးတယ်ဆိုတာ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း စစ်တွေမြို့ ရှိ အမှတ် (၂) ရဲစခန်း(နယ်မြေ)မှ စခန်းမှူးမှာ မန္တလေးမြို့ ရှိ ရဲအရာရှိ သင်တန်းတက်ရောက်စဉ် ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် စစ်တွေ အမှတ် ၂ ရဲစခန်းကို Lockdown ချထားခဲ့ရသေးသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့ပေါ်တွင် Quarantine Center ၁၇ ခုနှင့် Quarantine ဝင်နေသူ လူပေါင်း ၂၀၀ ကျော်ရှိ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးဝင်မြင့်က ယနေ့ စက်တင်ဘာလ ၁၆ ရက်တွင် ဧရာဝတီသို့ ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူအများစု၏ ထူးခြားချက်မှာ ပုံမှန်ဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့် ရောဂါလက္ခဏာထက် နှာခေါင်းအနံ့ မရသူ အများစု ပါဝင်နေသော်လည်း အားသာချက် အနေဖြင့် အသက်ရှူလမ်းကြောင်း မွန်းကြပ်ပြီး အရေးပေါ် တင်ရသည့် အခြေအနေ မရှိသလောက် နည်းပါးကြောင်း စစ်တွေ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါ ကူးစက်မှု တနေ့တခြား များပြားလာသည့် အခြေအနေကြောင့် အစိုးရက ပြည်နယ် တခုလုံးအား Stay at Home နေထိုင်ရန် သတ်မှတ်ထားပြီး ပိုးတွေ့လူနာ နေထိုင်ရာ ရပ်ကွက်ရှိ လမ်းတချိုကို လော့ဒေါင်း ချထားကာ စစ်တွေမြို့ကိုလည်း သြဂုတ်လ၂၁ ရက်မှ စတင်ကာ ညနေ ၉ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ၁၄၄ ထုတ် ထုတ်ပြန် ကြေညာထားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံထားရသူ ၃၆၃၆ ဦးရှိပြီး သေဆုံးသူ ၃၉ ဦး ရှိကာ၊ ရခိုင်ပြည် နယ်တွင် ပိုးတွေ့လူနာ ၇၈၅ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
စခန်းမှူး ကိုဗစ်ပိုးကူးစက်ခံရသဖြင့် စစ်တွေ နယ်မြေရဲစခန်း Lockdown ချထား
ပိုးတွေ့ ရဲအရာရှိနှင့်အတူ သင်တန်းတက်သော ရဲ ၁၀၀ ကျော်အား ဆေးစစ်မှုပြုလုပ်