ကမ္ဘာပေါ်မှာ အချိန်ကြာဆုံးနဲ့ အသွားအလာ တင်းကျပ်စွာ ပိတ်ပင်ထားတဲ့ တောင်အာဖရိကနိုင်ငံကို စက်တင်ဘာ ၂၀ ရက်ကစတင်ပြီး Lockdown ဖြေလျှော့ပေးတော့ပါမယ်။ ကူးစက်မှု လျော့ကျလာတာကြောင့် ကိုဗစ်ကာလ တင်းကျပ်မှုတွေကို လျှော့ချပေးလိုက်တာပါ။
တောင်အာဖရိကမှာ စက်တင်ဘာလ ၂၀ ရက်ကစလို့ သွားလာလှုပ်ရှားမှု ကန့်သတ်ထားတဲ့ Lockdown ဖြေလျှော့ပေးမယ့်အပြင် ညမထွက်ရအမိန့်ကိုလည်း ပယ်ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။ အသွားအလာ လုပ်မယ့် နေရာတွေရဲ့ ၅၀ ရာခိုင်နှုန်းထိ လူစုခွင့်ပြုလိုက်တဲ့အပြင် အရက်ရောင်းချခွင့်လည်း ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
“မုန်တိုင်း စဲသွားချိန်မှာ အလင်းရောင်ကို မြင်လာပြီပေါ့ဗျာ” တောင်အာဖရိကသမ္မတ Cyril Ramaphosa က ရုပ်သံကတဆင့် ပြည်သူတွေကို မိန့်ခွန်းပြောလိုက်ပါတယ်။ “အခုချိန်ကစပြီး ကျနော်တို့ ပြည်သူတွေ၊ စီးပွားရေး လုပ်ငန်းတွေ လွန်ခဲ့တဲ့ ၆ လလောက်က အခြေအနေထက် ပိုကောင်းတဲ့ ပုံမှန်ဘဝကို ပြန်ရောက်ချိန်တန်ပြီ” လို့ Ramaphosa က ဆိုပါတယ်။
တောင်အာဖရိကနိုင်ငံဟာ မတ်လ ၂၇ ရက်ကစလို့ နိုင်ငံတွင်း သွားလာ လှုပ်ရှားမှုတွေကို စတင်ကန့်သတ်ခဲ့တာပါ။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် စုစုပေါင်း ၆၅၀,၀၀၀ ကျော်လောက် ကူးစက်ခံရပြီး သေဆုံးသူ ၁၅,၀၀၀ ကျော် ရှိပါတယ်။
ဇူလိုင်လက နေ့စဉ် ကူးစက်သူ ၁၂,၀၀၀ နီးပါးရှိခဲ့ရာက လျော့ကျလာပြီး ခုချိန်မှာတော့ ၂,၀၀၀ အောက်သာ ကူးစက်မှုရှိပါတော့တယ်။ ကန့်သတ်ထားချက်တွေကို လျှော့ချပေးလိုက်ပေမယ့် အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း Mask တပ်ရမှာဖြစ်ပြီး တယောက်နဲ့ တယောက် Social distancing စည်းမျဉ်းအရ ခပ်ခွာခွာ နေထိုင်ရဦးမှာ ဖြစ်ပါတယ်။
“ကျနော်တို့ လူနေမှုဘဝ ပုံစံသစ်နဲ့ ရှေ့ဆက်ရမယ့် အချိန်ပဲ” လို့ သမ္မတ Ramaphosa က ရုပ်သံမိန့်ခွန်းမှာ ပြောလိုက်တာပါ။ တောင်အာဖရိကဟာ နိုင်ငံအတွင်း Lockdown ချလိုက်ချိန်ကစလို့ နိုင်ငံတကာသွားလာခွင့်တွေကိုပါ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ လေယာဉ်ခရီးစဉ်တွေကိုတော့ အောက်တိုဘာ ၁ ရက်ကစလို့ ပြန်လည် ဖွင့်လှစ်ပေးတော့မယ်လို့ သမ္မတ Ramaphosa က ဆိုပါတယ်။ နိုင်ငံထဲကို ဝင်ရောက်မယ့် မည်သူမဆို ၃ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း ထောက်ခံချက် လက်မှတ် ပါရမှာ ဖြစ်ပါတယ်။
အချိန်အကြာကြီး ပိတ်ပင်ထားတဲ့ Lockdown အခြေအနေကြောင့် ကျဆင်းနေတဲ့ စီးပွားရေးကဏ္ဍကိုလည်း ပြန်လည် ဦးမော့လာအောာင် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေလည်း ဖော်ဆောင်သွားဖို့ ရှိတယ်လို့ သမ္မတ Ramaphosa က ဆိုပါတယ်။
Ref: France 24 News
You may also like these stories:
ကိုဗစ်ကြောင့် အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ဥရောပမှာ လူသေဆုံးမှု ပိုများနိုင်
အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကိုဗစ် ကာကွယ်ဆေး ဆက်လက် စမ်းသပ်မည်
အိန္ဒိယ Maharashtra ပြည်နယ်မှာ ကိုဗစ် ကူးစက်သူ ၁ သန်းကျော်