Coronavirus Update

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ

ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း သန်း ၃၀ ကျော်သွားပါပြီ။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံကနေ စတင်ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိမှာတော့ နိုင်ငံပေါင်း ၂၁၀ ကျော်မှာ ကူးစက်ခံနေရတာပါ။

စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်းအချိန် ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ စုစုပေါင်း ၃၀,၀၀၃,၃၇၈ ဦး ရှိပြီး၊ သေဆုံးသူ ၉၄,၂၉၈၉ ဦးလို့ ဖော်ပြထားပါတယ်။

ကူးစက်မှု အများဆုံးနိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး ကူးစက်မှုပေါင်း ၆,၆၆၄,၀၂၁ ဦး ရှိပါတယ်။ သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ၅ သန်းကျော်နဲ့ တောင်အမေရိကတိုက်၊ ဘရာဇီးနိုင်ငံက ၄ ဒသမ ၅ သန်းနီးပါး ကူးစက်ခံထားရပါတယ်။

ကူးစက်မှုအမြင့်ဆုံး ဖြစ်နေတဲ့ အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး တရက်တာ ကူးစက်နှုန်း ကမ္ဘာစံချိန်တင်ဖြစ်ခဲ့တဲ့ အိန္ဒိယဟာ လက်ရှိမှာတော့ ကူးစက်မှုတွေရဲ့ ဗဟိုချက်အသစ် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့ လူဦးရေ ဒုတိယ အများဆုံး အိန္ဒိယအတွက်တော့ နိုင်ငံရဲ့ သုံးပုံတပုံလောက် ကူးစက်ခံရတာလည်း ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုတွေကြောင့် နာရန်ဒရာ မိုဒီ အစိုးရဟာ နိုင်ငံတွင်းကို တလအကြာ Lockdown ချ ပိတ်ပင်ခဲ့ပြီးနောက်မှာ ကူးစက်မှုတွေ မြင့်တက်နေပေမယ့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း တောင်နဲ့ မြောက် အမေရိကတိုက် ၂ ခုစာ ကူးစက်မှု အရေအတွက်ကတော့ ကမ္ဘာတဝှမ်း ကူးစက်မှုတွေရဲ့ ထက်ဝက်နီးပါး ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကျန်းမာရေးဝန်ထမ်း ၁၄ ရာခိုင်နှုန်းလောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ “COVID-19 ကပ်ရောဂါကြီးက ရှေ့တန်းကနေ အစွမ်းကုန် ကာကွယ် ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို အမြဲအမှတ်ရနေစေတယ်” လို့ WHO အကြီးအကဲ Tedros Adbham က ဆိုပါတယ်။

“ကျနော်တို့အားလုံး ကျန်းမာရေး ဝန်ထမ်းတွေအပေါ်မှာ ကျေးဇူးကြွေးတွေ အများကြီးတင်သွားရပြီ။ သူတို့ အသက်အန္တရာယ်ကိုတောင် မမှုဘဲ နေမကောင်းတဲ့သူတွေကို ပြုစုစောင့်ရှောက်ပေးနေရတာပါ” လို့ Adbham က ပြောသွားပါတယ်။

ဥရောပဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကလည်း လွန်ခဲ့တဲ့အပတ်က ဥရောပတိုက်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၃၀၀,၀၀၀ ကျော် မြင့်တက်လာတာကြောင့် တပ်လှန့်သတိပေးလိုက်ပါတယ်။ မတ်လက ကူးစက်မှုနှုန်းထက် ပိုများနေတာကြောင့်လည်း သတိရှိကြဖို့ တိုက်တွန်းလိုက်တာပါ။

ဥရောပတိုက်မှာ ကူးစက်မှုအများဆုံး အသက်ရွယ်ကတော့ ၂၉ နှစ်ကနေ ၄၉ နှစ်အတွင်းဖြစ်ပြီး လက်ရှိမှာတော့ ကူးစက်မှုပေါင်း ၄,၈၉၃,၆၁၄ ရှိပြီး၊ သေဆုံးသူကတော့ ၂၂၆,၅၂၄ ဦး ရှိပြီ ဖြစ်ပါတယ်။

Ref: abc News

You may also like these stories:

အာဂျင်တီးနားမှာ ကိုဗစ် တကျော့ပြန် ကူးစက်မှုကြောင့် သေဆုံးသူ မြင့်တက်

ကိုဗစ်ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာတဲ့ အိန္ဒိယနိုင်ငံ

Loading