ဆီးရီးယားနိုင်ငံနည်းတူ ယီမင်နိုင်ငံကလည်း ပြည်တွင်းစစ်အပြင် COVID-19 ကြောင့် ပဋိပက္ခပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ယီမင်နိုင်ငံရဲ့ အကျပ်အတည်းက ၂၀၁၅ ခုနှစ် မတ်လကစပြီး ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ကုလသမဂ္ဂက ကောက်ခံထားတဲ့ အချက်အလက်အရ ၂၀၂၀ ခုနှစ်အတွင်း ယီမင်နိုင်ငံရဲ့ လူဦးရေက ၂၉ ဒသမ ၈ သန်းကျော် ရှိနေပြီး ၈၀ ရာခိုင်နှုန်းလောက်က လူသားခြင်း ညှာတာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ယီမင်နိုင်ငံဟာ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး ၄၈ နိုင်ငံမြောက် နိုင်ငံလည်း ဖြစ်ပါတယ်။
ကမ္ဘာမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားလာပြီးနောက်ပိုင်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ယီမင်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်မှု မြန်ဆန်လာနိုင်သလို အကျိုးဆက်အနေနဲ့ လူသေဆုံးမှုလည်း များမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ယီမင်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရနိုင်တဲ့အကြောင်းရင်းထဲမှာ ပြည်တွင်းစစ် ဖြစ်ပွားနေရတဲ့အကြောင်းက အဓိကအချက်အနေနဲ့ ပါဝင်နေပါတယ်။
၂၀၁၅ ခုနှစ်ကစပြီး စစ်ပွဲတွေကြောင့် ယီမင်နိုင်ငံရဲ့ ပဋိပက္ခတွေက အခြေအနေ ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။ ယီမင်နိုင်ငံရဲ့ သန်းပေါင်းများစွာသော ပြည်သူတွေဟာ ၂၀၁၅ ခုနှစ်ကစပြီး သင့်တော်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ဆုံးရှုံးခဲ့ရသလို သန့်ရှင်းတဲ့ သောက်သုံးရေလည်း မရရှိခဲ့ပါဘူး။ မိလ္လာစနစ်တွေလည်း ကောင်းမွန်ခြင်း မရှိတဲ့အတွက် ဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ပိုပြီး ကြီးထွားလာနိုင်ပါတယ်။
ကောင်းမွန်မှု မရှိတဲ့ မိလ္လာစနစ်ကနေ ဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ အထောက်အထားကိုလည်း သိပ္ပံ ပညာရှင်တွေက ရှာဖွေ တွေ့ရှိထားပါတယ်။ ဒါကြောင့်လည်း မိလ္လာစနစ် ကောင်းမွန်ဖို့ အရေးကြီးပါတယ်။ ယီမင်နိုင်ငံနည်းတူ သောက်သုံးရေ ပြဿနာ ကြုံတွေ့နေရတဲ့ နိုင်ငံကတော့ ဆီးရီးယားနိုင်ငံပါ။ ကိုဗစ် ကာလအတွင်း ဆီးရီးယားနိုင်ငံမှာ ရေပြတ်လပ်တဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။
ကိုဗစ် မဖြစ်ခင် လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပဲ ယီမင်နိုင်ငံဟာ ကမ္ဘာ့အထောက်အပံ့ အလိုအပ်ဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။ ယီမင်နိုင်ငံရဲ့ လူပေါင်း ၂၄ သန်းနီးပါးလောက် နိုင်ငံတကာက ထောက်ပံ့တဲ့ အထောက်အပံ့ကို မှီခိုနေရပါတယ်။ ဒီပမာဏဟာ ယီမင်နိုင်ငံ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး ရှိနေတဲ့အတွက် ယီမင်နိုင်ငံဟာ ဒုဗ္ဗိကန္တရကပ်ဆိုက်နေတဲ့ နိုင်ငံပါပဲ။
သတ္ထန္တရကပ်ကလည်း ယီမင်နိုင်ငံမှာ ကျရောက်ပြီးဖြစ်နေသလို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ကိုရိုနာဗိုင်းရပ်စ် ပေါ်ပေါက်လာတဲ့အတွက် ကပ်သုံးပါးစလုံး ကျရောက်နေတဲ့ နိုင်ငံလို့လည်း ပြောနိုင်ပါတယ်။ ယီမင်နိုင်ငံရဲ့ ကပ်ကြီး သုံးပါးအတွင်းမှာ ပိတ်မိနေတဲ့ ကလေးသူငယ်ပေါင်း ၁၂ သန်းကျော် ရှိနေတယ်လို့ UNICEF ရဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြထားပါတယ်။
ယီမင်နိုင်ငံမှာ COVID-19 ရောဂါ စတင်မဖြစ်ပွားခင် အချိန်ကတည်းက ကလေးပေါင်း ၂ သန်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပါတယ်။ COVID-19 ရောဂါ စတင်ပြန့်ပွားလာပြီး နောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအများစုမှာ စာသင်ကျောင်းတွေ ပိတ်ခဲ့ရသလို ယီမင်နိုင်ငံရဲ့ ကလေးပေါင်း ၇ ဒသမ ၈ သန်းလောက်လည်း ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းနဲ့ ပိုပြီး ဝေးကွာခဲ့ရပါတယ်။
COVID-19 ရောဂါ ပြန့်ပွားလာတဲ့အတွက် နောက်လာမယ့် ၆ လအတွင်း အသက် ၅ နှစ်အောက် ကလေးပေါင်း ၂ ဒသမ ၄ သန်း အာဟာရချို့တဲ့မှု ဒဏ်ကို ခံစားရမယ်လို့ UNICEF အစီရင်ခံစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်ပွဲပဋိပက္ခ ကာလတွေအတွင်း ကလေးပေါင်းများစွာ သေကြေ ဒဏ်ရာရခဲ့ကြသလို စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ ကိုဗစ် ကာလအတွင်း မိမိတို့ရဲ့တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။
၅ နှစ်ကြာခဲ့ပြီ ဖြစ်တဲ့ စစ်ပွဲတွေဟာ ယီမင်နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ဖရိုဖရဲ ဖြစ်စေခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေဟာ လုပ်ခလစာ နည်းပါးသလို COVID-19 ရောဂါကို ကုသနိုင်ဖို့ အောက်စီဂျင်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ PPE၊ နှာခေါင်းစည်း၊ လက်အိတ် စတဲ့ အခြေခံ ပစ္စည်းတွေကိုလည်း လုံလုံလောက်လောက် မရရှိကြပါဘူး။
ကျန်းမာရေးဝန်ထမ်းတွေ လစာ မလုံလောက်သလိုပဲ ကလေးပေါင်း ၁၀ ဒသမ ၂ သန်းကလည်း အခြေခံ ကျန်းမာရေး စောင့်ရှောင့်မှု မရရှိကြပါဘူး။ စစ်ပွဲတွေကြောင့်လည်း ကျန်းမာရေး ဝန်ဆောင်မှုရဲ့ တဝက်လောက်ကိုသာ လည်ပတ်နိုင်ပါတယ်။
ယီမင်နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၃၅၀၀ လောက်က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့ရပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေရဲ့ ပြောပြချက်အရ လူနာတွေသာ များလာပြီး လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းတွေကတော့ မရှိသလောက်ပဲလို့ သိရပါတယ်။
လူဦးရေ ၂၉ ဒသမ ၈ သန်းကျော်ရှိပြီး လူနေထူထပ်တဲ့ ယီမင်နိုင်ငံရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ COVID-19 ရောဂါ ခံစားနေရတဲ့လူနာတွေကို ကုသဖို့ အသက်ရှူစက်တွေ နည်းပါးတဲ့အတွက် အရေးပေါ် အခြေအနေ ရောက်မှသာ အသုံးပြုနေရပါတယ်။
ယီမင်နိုင်ငံမှာ ဧပြီလစပြီး ကိုဗစ် လူနာ စတင်တွေ့ရှိခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ တကယ်တော့ ယီမင်နိုင်ငံမှာ အမှန်တကယ် ကူးစက်နေတဲ့ လူနာ အရေအတွက်ကို တိတိကျကျ မသိရတဲ့အတွက် ရောဂါကို ထိန်းချုပ်နိုင်ဖို့က ပိုပြီး ခက်ခဲနေပါတယ်။ ဇွန်လအတွင်း ယီမင်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်လူနာ ၉၀၀ ရှိတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့လည်း ယီမင်နိုင်ငံမှာ တကယ် ကူးစက်ခံနေရတဲ့ လူနာ အရေအတွက်ကို ဘယ်သူကမှ တိတိကျကျ မပြောနိုင်သေးပါဘူး။ လူဦးရေ ထူထပ်တဲ့ ဒေသတွေကို ထိန်းချုပ်ထားတဲ့ သူပုန်တွေကလည်း ဇွန်လအတွင်း သူတို့ ထိန်းချုပ်နယ်မြေအတွင်း ကူးစက်လူနာ ၄ ယောက်သာ ရှိတယ်လို့ ပြောပါတယ်။
ပွင့်လင်းမြင်သာမှု အားနည်းတဲ့ ယီမင်အစိုးရနဲ့ သူပုန်တွေကြောင့် ကူးစက်လူနာ အရေအတွက်က ပိုပြီးများပြားလာမယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ယီမင်နိုင်ငံမှာ ၂၀၀၇ ယောက် ရောဂါကူးစက်ခံထားရပြီး ၅၈၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျန်းမာရေး ဝန်ထမ်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆေးပစ္စည်း ကိရိယာတွေ မပြည့်စုံတဲ့အတွက်ကြောင့် အစိုးရနဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ကျန်းမာရေးဝန်ထမ်း ဒါဇင်နဲ့ချီ COVID-19 ကြောင့် သေဆုံးခဲ့တယ်လို့ ပုဂ္ဂလိက ဝက်ဘ်ဆိုက်ဖြစ်တဲ့ Al-Masdar News မှာ ဖော်ပြထားပေမယ့် ဒီသတင်းကို အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာတော့ စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါကြောင့် ၅ နှစ်ကာလအတွင်း ယီမင်နိုင်ငံမှာ လူပေါင်း ၂၃၀,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
Ref: UNICEF, BBC
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ
တောင်အာဖရိကမှာ ၆ လကြာ ကန့်သတ်ထားတဲ့ Lockdown ဖြေလျှော့ပေးမည်
ကိုဗစ်ကြောင့် အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ဥရောပမှာ လူသေဆုံးမှု ပိုများနိုင်