အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တဖန်မြင့်တက်လာတာကြောင့် ပထမတကြိမ် Lockdown ချပြီး လအနည်းငယ်အကြာမှာပဲ ဒုတိယတကြိမ် အသွားအလာ ကန့်သတ်လိုက်ပါတယ်။ နိုင်ငံတဝှမ်း ဧပြီလ ပိတ်ရက်တုန်းကလိုပဲ “အပြင်မထွက်ရ” အမိန့် ထုတ်ပြန်လိုက်တာပါ။
“ကျမ အမေ အသက် ၉၀ အရွယ် တယောက်တည်း ထားခဲ့ရပါတယ်။ အခု နှစ်သစ်ကူးပိတ်ရက်မှာလည်း အိမ်ပြန်ခွင့် မရတော့ပါဘူး။ ကျမတို့လည်း အိမ်မှာပဲ နေရမှာဆိုတော့ အမေ့ကို ပြုစုစောင့်ရှောက်ပေးဖို့ တယောက်နဲ့ပဲ ထားရတော့မယ်” လို့ ဈေးဆိုင်ပိုင်ရှင် Yael Turgeman က ပြောပါတယ်။
အခုအချိန်ဟာ ဂျူးဘာသာဝင်တွေရဲ့ Rosh Hashana နှစ်သစ်ကူး အားလပ်ရက်ဖြစ်ပြီး မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒုတိယတကြိမ် ထပ်မံ ချမှတ်လိုက်တဲ့ Lockdown ကြောင့် အခုတော့ ကိုယ်စီ အိမ်မှာပဲနေရင်း အားလပ်ရက်ကို ကုန်ဆုံးရတော့မှာပါ။
“အရမ်းကို စိတ်ပျက်မိပါတယ်။ အရင်တခေါက် Lockdown ချပြီး အခြေအနေတွေ ပြန်တည်ငြိမ်ခါစပဲ ရှိပါသေးတယ်။ ဒီတခါ Lockdown ကလည်း အခြေအနေ ပြန်ကောင်းသွားမလားဆိုတာ ပြောဖို့ခက်ပါသေးတယ်” လို့ Turgeman က ဆိုပါတယ်။
ဒုတိယတကြိမ် ချမှတ်လိုက်တဲ့ Lockdown မှာ ပြည်သူတွေဟာ အိမ်ပတ်ဝန်းကျင် ၁ ကီလိုမီတာအတွင်း နေထိုင်ရမှာဖြစ်ပြီး လိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက်တွေ၊ ကန့်သတ်ချက်တွေ အများကြီးနဲ့ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ကြေညာလိုက်တာပါ။
အစ္စရေးနိုင်ငံဟာ မတ်လနဲ့ ဧပြီလက ချမှတ်ခဲ့တဲ့ Lockdown ကြောင့် စီးပွားရေး ကျဆင်းမှုကို နာလန်ထူခါစ အခြေအနေမှာ ထပ်မံ ကန့်သတ်လိုက်တာကြောင့် ပြည်သူအချို့ ဒေါသထွက်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာတာကို ထိန်းချုပ်ကိုင်တွယ်နိုင်အောင် ချမှတ်လိုက်တာလို့ ဆိုပါတယ်။
လူဦးရေ ၉ သန်းကျော် နေထိုင်တဲ့ အစ္စရေးနိုင်ငံမှာ COVID-19 ရောဂါ အများဆုံး ကူးစက်ခံနေရတာကတော့ မြို့တော် ဂျေရုဆလင်နဲ့ အနီးတဝိုက်မှာပါ။ ကျန်းမာရေးအရာရှိတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ကူးစက်မှုတွေပြန်လည် မြင့်တက်လာတဲ့ နေရာတဝိုက်မှာပဲ ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ ဆန္ဒ ရှိပါတယ်။
စက်တင်ဘာ ၁၅ ရက်က အမြင့်ဆုံးစံချိန်တင်အဖြစ် တရက်တည်း ၅,၅၀၀ ကျော် ကူးစက်ခံရပေမယ့် နောက်ပိုင်းရက်တွေမှာ ပြန်လည် ကျဆင်းနေပါတယ်။ သေဆုံးသူကတော့ ၁,၁၆၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါပြင်းထန် ခံစားနေရသူ အရေအတွက်လည်း တိုးလာပါတယ်။
“အခြေအနေကတော့ တော်တော်ဆိုးပါတယ်။ နေ့တိုင်း လူနာတွေ တယောက်ပြီးတယောက် များလာတာပဲ ကြုံနေရတာပါ။ ကျမတို့ ဌာနမှာလည်း လူနာခန်း မရှိတော့ပါဘူး။ အကုန် ပြည့်နေပါပြီ။ ကုသပေးဖို့ ဆရာဝန်တွေ၊ လက်ထောက်အကူတွေ ထပ်ခေါ်ရပါတယ်။ လူနာသစ်တွေအတွက်လည်း နေရာတွေ ရွှေ့ပေးနေရတယ်” လို့ အစ္စရေးနိုင်ငံရဲ့ အကြီးဆုံး ဆေးကုသရေးစင်တာ Shamir Medical Center မှ ဆရာဝန် Gal Pachys က ပြောပါတယ်။
Ref: Deutsche Welle
You may also like these stories:
စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကိုဗစ် အကျပ်အတည်းကြားက ယီမင်နိုင်ငံ
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ
အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကိုဗစ် ကာကွယ်ဆေး ဆက်လက် စမ်းသပ်မည်