အင်ဒိုနီးရှားနိုင်ငံဟာ လွန်ခဲ့တဲ့ရက် အနည်းငယ်ကစလို့ COVID-19 ရောဂါ နေ့စဉ်ကူးစက်မှုနှုန်း ၄၀၀၀ ကျော် စံချိန်တင် ကူးစက်နေပါတယ်။ ဒါ့အပြင် နေ့စဉ် သေဆုံးနှုန်းကလည်း အရင်ထက် ပိုများလာတယ်လို့ ဆိုပါတယ်။
အမျိုးသား COVID-19 အဖွဲ့ကြီးက ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၉ ရက်နေ့ကစလို့ နေ့စဉ် ကူးစက်သူ အရေအတွက် ၄၀၀၀ ကျော် ပထမဆုံးအကြိမ် စတင်မြင့်တက်လာခဲ့သလို၊ လွန်ခဲ့တဲ့ ၄ ရက်က စလို့ နေ့စဉ် စံချိန်တင် ကူးစက်ခံနေရပါတယ်။
စက်တင်ဘာလလယ်လောက်ထိ အင်ဒိုနီးရှားမှာ နေ့စဉ် ကူးစက်သူ အရေအတွက်ဟာ ၄၀၀၀ ကျော်တဲ့ အထိ မရှိခဲ့ပါဘူး။ အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၄ ရက်နေ့မှာ စံချိန်တင်ကူးစက်ခံရသူ ၄,၆၃၄ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ စက်တင်ဘာလ ၂၃ ရက်နေ့က အမြင့်ဆုံး စံချိန်တင်ထားတဲ့ ၄,၄၆၅ ဦးကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။
လက်ရှိ ထုတ်ပြန်ချက် စာရင်းတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ကူးစက်ခံရသူ စုစုပေါင်း ၂၆၆,၈၄၅ ဦးနဲ့ သေဆုံးလူနာ ၁၀,၂၁၈ ဦး ရှိကာ ၁၉၆,၁၉၆ ဦး ပြန်လည် သက်သာလာပြီလို့ ဖော်ပြထားပါတယ်။
အမျိုးသား COVID-19 အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ Wiku Adisasmito ကတော့ ကူးစက်မှုနှုန်း များလာတာဟာ ပြည်သူတွေကြား ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ Social distancing နဲ့ နှာခေါင်းစည်း Mask တပ်ရမယ့် စည်းမျဉ်းတွေကို လိုက်နာမှု အားနည်းတာကြောင့်ဖြစ်တယ်လို့ ပြစ်တင်လိုက်ပါတယ်။
“ကျနော်တို့ အချိန်ကြာလာတာနဲ့အမျှ လူတွေက ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို လိုက်နာမှု အားနည်းလာတာပါ။ ဒါဟာ COVID-19 ကူးစက်ခံ လူနာတွေအပေါ် စာနာစိတ် မရှိကြတာပဲ” လို့ Wiku Adisasmito က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ များလာတာကြောင့် နိုင်ငံတွင်းမှာ လူစုလူဝေးဖြစ်စေမယ့် မင်္ဂလာဆောင် အခမ်းအနားလို မိသားစု တွေ့ဆုံပွဲတွေ ရှောင်ရှားကြဖို့ နှိုးဆော်ထားပါတယ်။ မိသားစု၊ ဆွေးမျိုးသားချင်း အချင်းချင်း လူကိုယ်တိုင်ထက် လတ်တလော အွန်လိုင်းကနေပဲ ဆက်သွယ်ကြဖို့ အမျိုးသမီး စွမ်းဆောင်ရည်နဲ့ ကလေးသူငယ် စောင့်ရှောက်ရေးဝန်ကြီး Bintang Puspayoga က တိုက်တွန်းလိုက်ပါတယ်။
COVID-19 ထုတ်ပြန်ချက်တွေအရ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကူးစက်ခံလူနာ စုစုပေါင်း ၂၉၉,၃၆၁ ဦးနဲ့ ကူးစက်မှု အများဆုံးဖြစ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံနောက် ဒုတိယနေရာမှာရှိနေပါတယ်။
Ref: The Jakarta Post