ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ကူးစက်မှုပေါင်း ၇ သန်းကျော်လွန်သွားပြီ ဖြစ်ပါတယ်။ အဆိုပါ အရေအတွက်ဟာ ကမ္ဘာ့ကူးစက်မှု အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကျော်ထိ ရှိတာပါ။
အမေရိကန်နိုင်ငံဟာ COVID-19 ကြောင့် သေဆုံးသူ ၂ သိန်းကျော်ရှိပြီး မကြာခင်ကပဲ စံချိန်တင် ကူးစက်မှုပေါင်း ၇ သန်း ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ဖော်ပြချက်အရ ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံး ဖြစ်သလို၊ သေဆုံးသူ အရေအတွက်လည်း အများဆုံး ဖြစ်နေပါတယ်။
ပြည်နယ်တွေထဲမှာ ကူးစက်မှုအများဆုံးက ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်ပြီး စုစုပေါင်း ၈၀၀,၀၀၀ ကျော် ကူးစက်ခံထားရကာ သူ့နောက်မှာတော့ တက္ကဆပ်၊ ဖလော်ရီဒါနဲ့ နယူးယောက်တို့ အသီးသီး ရှိနေပါတယ်။ အိုဟိုင်းအိုးပြည်နယ်က လွဲလို့ ကူးစက်နေတဲ့ ပြည်နယ်တိုင်းလိုလိုမှာ နောက်ဆုံး ၄ ပတ်အတွင်း ကူးစက်မှုနှုန်း မြင့်တက်လာပါတယ်။
ကူးစက်မှုတိုးလာတဲ့ထဲ အမြင့်ဆုံးဖြစ်နေတဲ့ တောင်ပိုင်း ဒါဂိုတာပြည်နယ်မှာ ရာခိုင်နှုန်းအားဖြင့် ၁၆၆ ရာခိုင်နှုန်းနဲ့ ကူးစက်လူနာအသစ် ၈,၁၂၉ ဦး ထပ်တိုးလာသလို မြောက်ပိုင်း ဒါဂိုတာမှာလည်း သြဂုတ်လထက် ကူးစက်လူနာ ၈,၇၅၂ ဦးထိ ၂ ဆ မြင့်တက်လာပါတယ်။
ကူးစက်လူနာ များလာခြင်းရဲ့ အဓိကအကြောင်းရင်းက တောင်နဲ့မြောက် ဒါဂိုတာပြည်နယ်တွေမှာ နှစ်စဉ် ကျင်းပနေကျ မော်တော်ဆိုင်ကယ် ပြိုင်ပွဲကို ပရိသတ် ထောင်နဲ့ချီ လာအားပေးရာက စတင်ခဲ့တာပါ။ လေ့လာ ဆန်းစစ်ချက်တွေအရ အမေရိကန် ပြည်နယ် ၅၀ ရဲ့ ထက်ဝက်လောက်ဟာ စက်တင်ဘာလထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေအတွက် မြင့်တက်လာတယ်လို့ ဆိုပါတယ်။
၈ ပတ်အကြာ ကူးစက်မှုနှုန်း အနည်းငယ် လျော့နည်းနေရာက အခုလို ပြန်မြင့်တက်လာတာဟာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်လိုက်တာကြောင့်အပြင်၊ Labor Day အားလပ်ရက်တွေကြောင့် ဖြစ်တယ်လို့ ကျန်းမာရေးကဏ္ဍ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
အမေရိကန်နိုင်ငံဟာ နေ့စဉ် ပျမ်းမျှ COVID-19 ကူးစက်သူ ၄၀,၀၀၀ ကျော်ရှိပါတယ်။ အမေရိကန် ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က အောက်တိုဘာ တုပ်ကွေးရာသီ မရောက်ခင် တနေ့ကို ကူးစက်လူနာ ၁၀,၀၀၀ အောက် လျော့နည်းသွားတာကို မြင်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကူးစက်မှု အများဆုံး ပထမနေရာမှာ ရှိနေပြီး ဒုတိယနေရာ အိန္ဒိယနိုင်ငံက ကူးစက်လူနာ ၅ ဒသမ ၇ သန်းကျော်၊ တတိယနေရာ ဘရာဇီးနိုင်ငံကတော့ ၄ ဒသမ ၆ သန်းကျော် အသီးသီး ရှိပါတယ်။
Ref: Reuters
You may also like these stories:
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂ သိန်း ကျော်ပြီ
ကိုဗစ်ကာလ ကုလသမဂ္ဂ အထွေထွေညီလာခံ တရုတ်နှင့် အမေရိကန် တင်းမာမှုက နေရာယူ