၂၀၂၀ နှစ်ဆန်းပိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ကြတဲ့ ဥရောပနိုင်ငံတွေမှာ ဇူလိုင်နဲ့ သြဂုတ်လကစလို့ COVID-19 ကူးစက်မှုတွေ တဖန် မြင့်တက်လာပါတယ်။ ဥရောပနိုင်ငံတချို့ဟာ ဒုတိယလှိုင်း စတင်နေတဲ့ ကူးစက်မှုတွေကြောင့် တင်းကျပ်တဲ့ စည်းမျဉ်းသစ်တွေ ထုတ်ပြန်ထားပါတယ်။
ပြင်သစ်
စက်တင်ဘာ ၂၆ ရက်ကစလို့ ပါရီ မြို့တော် အပါအဝင် မြို့ ၁၁ မြို့က ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေအားလုံး ည ၁၀ နာရီမှာ ပိတ်ရမှာဖြစ်သလို၊ မာဆေးလ်မြို့မှာတော့ ဆိုင်တွေအားလုံး ၁၅ ရက်ပိတ်သိမ်းဖို့ အမိန့် ထုတ်ထားပါတယ်။
ပါရီရဲ့ အလုံပိတ် Indoor နေရာတွေမှာ မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ခိုင်းထားသလို၊ အများပြည်သူ သွားလာရာနေရာတွေမှာ အသက် ၁၁ နှစ်ကစလို့ လူတိုင်း Mask တပ်ရမယ့် အမိန့်ထုတ်ထား ပါတယ်။ အဆိုပါ စည်းမျဉ်းအသစ်ကို Toulouse, Nice, Lille နဲ့ Lyon အပါအဝင် ကမ်းခြေ မြို့လေးတွေမှာပါ လိုက်နာရဖို့ ရှိပါတယ်။
စပိန်
စက်တင်ဘာလကစလို့ မြို့တော် မက်ဒရစ်နဲ့ အနီးဝန်းကျင်က ၃၇ နေရာက ဒေသခံတွေဟာ နေထိုင်ရာရပ်ကွက်ကို ကျောင်း၊ အလုပ် ဒါမှမဟုတ် ဆေးရုံ ဆေးပေးခန်း ကိစ္စရပ်ကလွဲလို့ ကျော်လွန်ပြီး သွားလာခွင့် ကန့်သတ်ထားတဲ့ Lockdown ပုံစံအသစ်ကို ချမှတ်ထားပါတယ်။ ဒါ့အပြင် လူ ၆ ဦးထက် ပိုစုဝေးခွင့် မပြုဘဲ၊ အများပြည်သူ အပန်းဖြေရာ ပန်းခြံနဲ့ စီးပွားရေးလုပ်ငန်းတွေကို ည ၁၀ နာရီမှာ ပိတ်သိမ်းဖို့ သတ်မှတ်ထားပါတယ်။
ဂျာမနီ
ဂျာမနီနိုင်ငံမှာ အားကစားပွဲ၊ ဖျော်ဖြေရေးပွဲ စတဲ့ လူစုလူဝေးဖြစ်စေမယ့် ပွဲတော်တွေကို ၂၀၂၀ ခုနှစ်ကုန်ပိုင်းထိ ကျင်းပခွင့် ပိတ်သိမ်းဖို့ အချိန်တိုးမြင့်လိုက်ပါတယ်။ ကျင်းပနေပြီဖြစ်တဲ့ ရာသီသစ် ဂျာမန်ပြည်တွင်းဖလား Bundesliga ဘောလုံးပွဲတွေကိုတော့ ကွင်းပိတ် ကစားသွားဖို့ ရှိပါတယ်။
ကူးစက်မှုမြင့်တက်နေတဲ့ နိုင်ငံကမည် သူမဆို လေဆိပ်မှာ ကျန်းမာရေး စစ်ဆေးမှု မဖြစ်မနေ ခံယူရမှာပါ။ ဒါ့အပြင် အများပြည်သူသွားလာရာ နေရာနဲ့ ဈေးဆိုင်တွေမှာ မဖြစ်မနေ Mask တပ်ထားရမှာဖြစ်ပြီး မတပ်ထားပါက ယူရိုငွေ ၅၀ ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။
အီတလီ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ဖူးတဲ့ အီတလီနိုင်ငံမှာ တကျော့ပြန် ကူးစက်မှုအသစ်တွေ မြင့်တက်နေပါတယ်။ ကူးစက်မှုအသစ်တွေကြောင့် အစိုးရအာဏာပိုင်တွေက နိုက်ကလပ်တွေနဲ့ ကပွဲရုံတွေကို သြဂုတ် ၁၇ ရက်ကစလို့ ပိတ်သိမ်းဖို့ ထုတ်ပြန်ခဲ့ပါတယ်။
Social distancing ထားဖို့ မဖြစ်နိုင်တဲ့ နေရာတွေမှာ နှာခေါင်းစည်း Mask ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း မဖြစ်မနေတပ်ဆင်ထားဖို့ အမိန့် ထုတ်ထားပါတယ်။
နယ်သာလန်
စက်တင်ဘာလကစလို့ နယ်သာလန်နိုင်ငံက မြို့တော်တွေမှာ ကန့်သတ်မှု အသစ်တွေ ထပ်မံ တိုးမြင့်လိုက်ပါတယ်။ ယခင်က ခွင့်ပြုထားတဲ့ လူအယောက် ၁၀၀ အစား ထက်ဝက် လျှော့ချပြီး အယောက် ၅၀ သာ စုဝေးခွင့် ရှိပါတော့တယ်။
ဒါ့အပြင် မြို့ကြီးတွေဖြစ်တဲ့ အမ်စတာဒမ်နဲ့ ရိုတာဒမ်တွေမှာ ဘားနဲ့ စားသောက်ဆိုင်တွေကို အချိန်စောပြီး ပိတ်သိမ်းခိုင်းထားသလို၊ အိမ်လည်ပတ်ခွင့် အများဆုံး လူ ၆ ယောက်သာ ခွင့်ပြုထားပြီး တယောက်နဲ့ တယောက် ၁ ဒသမ ၅ မီတာ အကွာနေရမယ်လို့ သတ်မှတ်ထားပါတယ်။
ဂရိ
အများပြည်သူပို့ဆောင်ရေး ယာဉ်ပေါ်နဲ့ Indoor နေရာတွေ အကုန်လုံးမှာ မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဖို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလကစလို့ မြို့တော် အေသင် အပါအဝင် Attica ဒေသတဝိုက်မှာ ကန့်သတ်ချက် အသစ်တွေအရ အလုပ်နေရာနဲ့ လူစုလူဝေးဖြစ်မယ့် နေရာတွေမှာ Mask မဖြစ်မနေ တပ်ဆင်ထားဖို့ ထုတ်ပြန်ထားပါတယ်။
Ref: BBC
You may also like these stories:
ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အီတလီမှာ ကျောင်းများအားလုံး ပိတ်ထား
Mask တွေ ပြတ်လပ်ချိန်မှာ ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်နည်း
ပြင်သစ်နဲ့ ဂျာမနီမှာ ကိုဗစ် ကူးစက်မှုများ ပြန်မြင့်တက်လာ