စပိန်နိုင်ငံ၊ မြို့တော် မက်ဒရစ်မှာ နေထိုင်သူတွေကို အရေးကြီးကိစ္စ မရှိဘဲ နေရပ်ကနေ မထွက်ခွာဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။ COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် မက်ဒရစ်မြို့ကို Lockdown ချ ကန့်သတ်ထားဖို့ အာဏာပိုင်တွေ ဆုံးဖြတ်ခဲ့ကြတာပါ။
မက်ဒရစ်မြို့ရဲ့ ကူးစက်မှုနှုန်းအရ လူ ၁ သိန်းမှာ ၇၃၅ ယောက်နှုန်း ကူးစက်နေတာကြောင့် မြို့ထဲ ဝင်ထွက်ခွင့်တွေကို ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပတိုက်က ကူးစက်မှု အမြင့်ဆုံးဒေသတခု ဖြစ်လာတာကြောင့် ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်လိုက်တာပါ။
ထုတ်ပြန်ချက်အရ မြို့တော်ထဲကိုနဲ့ မြို့တော်ထဲကနေ အရေးကြီး အကြောင်းကိစ္စရပ် မရှိဘဲ ဝင်ထွက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ စပိန်နိုင်ငံဟာ လွန်ခဲ့တဲ့ ၂ ပတ်ကစလို့ COVID-19 ကူးစက်မှုအသစ် ၁၃၃,၆၀၄ ခု မြင့်တက်လာတဲ့ထဲက ၃ ပုံ ၁ ပုံကျော်ဟာ မြို့တော် မက်ဒရစ်က ဖြစ်ပါတယ်။
“မက်ဒရစ်မြို့ရဲ့ ကျန်းမာရေးက စပိန်နိုင်ငံရဲ့ ကျန်းမာရေးပါပဲ။ မက်ဒရစ်ဟာ နိုင်ငံအတွက် အရေးပါဆုံးပါ” လို့ ကျန်းမာရေးဝန်ကြီး Salvador Illa က ပြောကြားလိုက်ပါတယ်။ နောက်ရက်တွေမှာလည်း ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် အတိအကျကိုတော့ ပြောဆိုသွားခြင်း မရှိပါဘူး။
မက်ဒရစ်မြို့တော်မှာ နေထိုင်သူတွေကိုတော့ စည်ပင် နယ်နိမိတ်တွင်းက ကျောင်း၊ ရုံးနဲ့ ဆေးရုံ ဆေးပေးခန်းတွေ၊ စူပါမားကတ်တွေကိုတော့ သွားလာခွင့်ပြုထားဆဲပါ။ လူ ၆ ဦးထက် ပိုစုဝေးခွင့် မပေးတော့ဘဲ၊ ဘားဆိုင်၊ စားသောက်ဆိုင်တွေနဲ့ ပန်းခြံတွေကို ည ၁၀ နာရီထိပဲ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။
မက်ဒရစ်မြို့ အကြီးအကဲ Isabel Diaz Ayuso က ကူးစက်မှုအသစ်တွေကြောင့် Lockdown ချ ကန့်သတ်လိုက်ရတာဖြစ်လို့ လိုက်နာပေးကြဖို့ ပြောဆိုလိုက်ပါတယ်။ “ကျမတို့မြို့က ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာဆောင်ရွက်သွားမယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
စပိန်နိုင်ငံဟာ ဥရောပနိုင်ငံတွေထဲမှာ ကူးစက်မှုအများဆုံး ဖြစ်နေသလို၊ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအစမှာတင် ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် အရေးပေါ်ထိန်းချုပ်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေရပါတယ်။
လက်ရှိအချိန်ထိ နိုင်ငံတွင်း COVID-19 ကူးစက်ခံလူနာ ၇၇၈,၆၀၇ ဦးရှိနေပြီး ဒီထဲကမှ လူနာ ၁,၅၆၁ ဦးဟာ အရေးပေါ် အခြေအနေ ကုသမှု ခံယူနေရပါတယ်။ သေဆုံးလူနာကတော့ ၃၁,၉၇၃ ဦး ရှိပါတယ်။ “ကျနော်တို့ ဒီ့ ထက်ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ အရမ်းကို ဂရုစိုက်ရမယ့်အချိန်ပါပဲ” လို့ ကျန်းမာရေးဝန်ကြီး Illa က ဆိုပါတယ်။
Ref: Sky News
You may also like these stories:
ဆန္ဒပြပွဲများ ဖြစ်ပြီးနောက် ယာဉ်တိုက်မှု ပြစ်ဒဏ်များ ဘင်္ဂလားဒေ့ရှ် အစိုးရတိုးမြှင့်
ဖိလစ်ပိုင် Lockdown အသစ်ကြောင့် လေဆိပ်မှာ အလုပ်သမား ဒါဇင်နဲ့ချီ သောင်တင်
ကိုဗစ်ကြောင့် နယူးဇီလန် ရွေးကောက်ပွဲ နောက်ဆုတ်