အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့်ရဲ့ Twitter စာမျက်နှာပေါ်မှာ သူနဲ့ ဇနီးသည်တို့ COVID-19 ကူးစက်ခံရတယ်လို့ ရေးသားပြောဆိုထားတာပါ။
“ကျနော်တို့ စမ်းသပ်ချက်အဖြေအရ COVID-19 ကူးစက်ခံရပါတယ်။ သိသိချင်း မြန်မြန်ဆန်ဆန်ပဲ Quarantine နဲ့ တခြားလုပ်ဆောင်စရာကိစ္စတွေကို လုပ်ဆောင်နေပြီ” လို့ သမ္မတ ထရမ့်က Twitter စာမျက်နှာပေါ်မှာ ခပ်တိုတိုပဲ ရေးသားထားပါတယ်။
“အနားတောင် မယူဘဲ အလုပ်လုပ်ပေးနေတဲ့ Hope Hicks တယောက် COVID-19 ကူးစက် ခံထားရတယ်။ ကျနော်နဲ့ ဇနီးသည်တို့လည်း ဆေးစစ်ချက်အဖြေကို စောင့်နေပါတယ်။ အခုပဲ Quarantine လုပ်ဖို့ ပြင်ဆင်နေပြီ” လို့ ကြာသပတေးနေ့ညက ရေးသားခဲ့ပါသေးတယ်။
သမ္မတ ထရမ့်ရဲ့ ယုံကြည် စိတ်ချရဆုံးသူ တယောက်ဖြစ်တဲ့ Hicks ဟာ စက်တင်ဘာ ၂၉ ရက်နေ့က Cleveland မှာ လုပ်ခဲ့တဲ့ သမ္မတလောင်း နှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲ အပါအဝင် နေရာတော်တော်များများကို အနီးကပ်လိုက်ပါ ဆောင်ရွက်နေသူတဦးပါ။
“Hicks တယောက် COVID-19 ကူးစက်ခံရတယ်လို့ ကျနော် ကြားပြီးပြီ။ သူမက တကယ့်ကို အလုပ်ကြိုးစားသူ တယောက်ပါ။ နှာခေါင်းစည်း Mask တွေလည်း အမြဲတပ်တယ်။ ဒါပေမဲ့ ရောဂါကူးစက်ခံလိုက်ရတယ်။ ကျနော်နဲ့ အမျိုးသမီးလည်း ဆေးစစ်ထားတယ်။ ကျနော်တို့က Hicks နဲ့ အနီးကပ်တောက်လျှောက် အလုပ်လုပ်ခဲ့ရတာလေ။ လောလောဆယ်တော့ Quarantine လား၊ ဘာလုပ်ရမလဲ သေချာမသိသေးဘူး” လို့ အစောပိုင်းက Fox News နဲ့ ဖုန်းအင်တာဗျူးမှာ သမ္မတ ထရမ့်က ဖြေခဲ့တာပါ။
ဆယ်ကျော်သက် မော်ဒယ်ဖြစ်ခဲ့ဖူးတဲ့ လက်ထောက် Hicks ဟာ သမ္မတနဲ့သာမက အိမ်ဖြူတော်အကြံပေး အီဗန်ကာ ထရမ့်နဲ့ ခင်ပွန်းသည် ဂျာရတ် ကက်ရှ်နာတို့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ တဦးပါ။ သမ္မတလက်ထောက် မလုပ်ခင်က အိမ်ဖြူတော် ဆက်ဆံရေးဒါရိုက်တာအဖြစ် လုပ်ဆောင်ခဲ့ဖူးပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ထရမ့်ဟာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေတယ် ဆိုပေမယ့် နောက်ထပ် ရောဂါတွေ ထပ်တိုးလာမှာကို စိုးရိမ်တာကြောင့် အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ကုသဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
အိမ်ဖြူတော် ဆရာဝန်တွေကလည်း သမ္မတထရမ့်နဲ့ ဇနီးသည်တို့ အခြေအနေကောင်းမွန်နေပြီး နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ သမ္မတ ထရမ့်ဟာ အောက်တိုဘာ ၂ ရက်နေ့မှာ ဖလော်ရီဒါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအတွက် သွားရောက်ဖို့ စီစဉ်ထားပေမယ့် အစီအစဉ် အားလုံးကို ဖျက်သိမ်းလိုက်ရပါတယ်။
Ref: edition.cnn
You may also like these stories:
စပိန်မှာ ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် မြို့တော် မက်ဒရစ်ကို Lockdown ချ
ဥရောပမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် စည်းမျဉ်းသစ် ထုတ်ပြန်
အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၇ သန်း ကျော်ပြီ