COVID-19 ကူးစက်ခံထားရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဇနီးသည် မလာနီယာထရမ့်တို့နဲ့ ထိတွေ့ ခဲ့သူတွေကို စမ်းသပ်ခဲ့ရာမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ခဲ့ကြပါတယ်။ ဒုတိယသမ္မတ မိုက်ပန့်စ် အပါအဝင် ထိတွေ့ခဲ့သူတွေကို ရှာဖွေခဲ့ကြတာပါ။
သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ရက် ၃၀ အလိုမှာ အိမ်ဖြူတော်နဲ့ ဆက်စပ် ထိတွေ့နေတဲ့သူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ခဲ့ကြတာပါ။ သမ္မတ ထရမ့်နဲ့ ဇနီးသည် မလာနီယာထရမ့်တို့ နှစ်ဦးကလည်း လက်ထောက် Hope Hicks ကူးစက်ခံရရာက စမ်းသပ်လိုက်ချိန်မှာ ကူးစက်ကြောင်း တွေ့ခဲ့ရတာပါ။
လက်ရှိမှာတော့ သမ္မတ ထရမ့်ဟာ Walter Reed အမျိုးသားစစ်ဆေးရုံမှာ ရက်အနည်းငယ် ကုသမှု ခံယူခဲ့ပြီး ဆေးရုံကနေ ဆင်းခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေထဲမှာ အသက်အရွယ် ကြီးရင့်သူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ကြိုတင်သတိထားတဲ့အနေနဲ့ အသက် ၇၄ နှစ်အရွယ် သမ္မတ ထရမ့်ကို ဆေးရုံ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ အိမ်ဖြူတော်ဆရာဝန်တွေက ဆိုပါတယ်။
ဇနီးသည်ကတော့ ချောင်းဆိုး၊ ခေါင်းကိုက်တာခံစားနေရပေမယ့် အိမ်ဖြူတော်မှာပဲ သီးခြားခွဲနေထိုင်ပြီး အခြေအနေကောင်းမွန်တယ်လို့ တွစ်တာမှာ သမ္မတက ဗီဒီယိုတင်ထားပါတယ်။ Walter Reed အမျိုးသားစစ်ဆေး ရုံက ဆရာဝန်တွေဟာ သမ္မတ ထရမ့်ကို Remdesivir ဆေးအပြင် စမ်းသပ်ဆဲဆေးတမျိုးနဲ့လည်း ကုသပေးထားသလို၊ အိပ်ပျော်အောင် အကိုက်အခဲပျောက်ဆေးတွေလည်းပေးထားတယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်မယ့် ဂျိုး ဘိုင်ဒန်လည်း သမ္မတ ထရမ့်နဲ့ စကားစစ်ထိုးပွဲ လုပ်ခဲ့တာကြောင့် ဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စမ်းသပ်ခဲ့ရာ ကူးစက်မှု မရှိခဲ့ဘဲ သမ္မတ ထရမ့်နဲ့ ဇနီးသည်တို့ အမြန်ဆုံး ရောဂါသက်သာလာစေဖို့ ဂျိုးဘိုင်ဒန်က ဆုတောင်းပေးထားပါတယ်။
သမ္မတ ထရမ့်တို့နဲ့ အိမ်ဖြူတော်မှာ အတူနေ အသက် ၁၄ နှစ်အရွယ် အငယ်ဆုံးသားဖြစ်သူ Barron Trump လည်း ကူးစက်မှု မရှိဘူးလို့ မလာနီယမ်ရဲ့ ဝန်ထမ်းအဖွဲ့ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ယခင် အပတ်က အိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့ အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် Barrette ကို အဆိုပြုပွဲ တက်ရောက်ခဲ့တဲ့ စီးနိတ် အမတ်အချို့လည်း ရောဂါကူးစက်ခံရခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Ref: CTV News
You may also like these stories:
ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို ရုရှားနိုင်ငံက မှတ်ပုံတင်လိုက်ပြီ
Mask မတပ်သူများအား ဖမ်းဆီးအပြစ်ပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြောကြား
အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၂ သိန်း ကျော်ပြီ