အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် Walter Reed အမျိုးသားစစ် ဆေးရုံမှာ တက်ရောက် ကုသမှုတွေ ခံယူပြီး ၃ ရက်အကြာ တနင်္လာနေ့ညက ဆေးရုံက ပြန်လည် ဆင်းလာပြီ ဖြစ်ပါတယ်။ ဆေးရုံက ဆင်းပြီးနောက် သူဟာ COVID-19 ရောဂါကနေ ပြန်ကျန်းမာလာပြီလို့တောင် Twitter က နေ ပြောဆို ရေးသားလိုက်ပါသေးတယ်။
သမ္မတ ဆေးရုံတက်ကုသစဉ် အောက်ဆီဂျင်ပမာဏ ကျဆင်းတာမျိုးတွေ ရှိခဲ့သလို၊ Remdesivir ဆေးနဲ့ စမ်းသပ်ဆဲ ဆေးတမျိုးနဲ့လည်း ကုသပေးခဲ့ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ရောဂါပြင်းထန်သူတွေကိုပေးတဲ့ Steroid ဆေးတမျိုးနဲ့လည်း ကုသပေးခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောကြားလိုက်ပါတယ်။
သမ္မတကတော့ သူဆေးရုံက ပြန်ဆင်းလာပြီ ဖြစ်ကြောင်းနဲ့ အရင်ကထက်တောင် ပိုကျန်းမာလာကြောင်း၊ ရောဂါပြီးသွားပြီ ထင်တယ်လို့ Twitter မှာ ရေးသားထားပါတယ်။ အိမ်ဖြူတော်ရဲ့ သမားတော် ဒေါက်တာ Sean Conley က သမ္မတဟာ လက်ရှိမှာ စိတ်ချရတဲ့ အခြေအနေမှာ မရှိသေးပေမယ့် အိမ်ဖြူတော်မှာပဲ ဆေးပစ္စည်း အစုံအလင်နဲ့ စောင့်ကြည့် ကုသပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
သမ္မတဟာ Walter Reed အမျိုးသားစစ်ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေစဉ်အတွင်း ဆေးရုံပြင်ပ ထွက်ပြီး လာရောက် အားပေးထောက်ခံတဲ့ လူအုပ်ကြီးကို ကားထဲကနေ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါသေးတယ်။
ဆေးရုံက မဆင်းခင် နာရီပိုင်းအလိုကပဲ ဆေးရုံကဆင်းမယ့်အကြောင်းကို သမ္မတ ထရမ့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူဟာ ဆေးရုံတက်နေစဉ်အတွင်း အမေရိကန်နိုင်ငံသားအများစုမရနိုင်တဲ့ COVID-19 ဆေးကုသရေး နည်းလမ်းတွေနဲ့ ကုသမှု ခံယူခဲ့တာပါ။
“COVID-19 ကို မကြောက်ကြပါနဲ့။ ထရမ့်အစိုးရ လက်ထက်မှာ အကောင်းဆုံးဆေးဝါးတွေ ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ကျနော်ဆို လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်တောင် ပိုကျန်းမာလာတယ်” လို့ သမ္မတက Twitter မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်ခံရမှု အများဆုံးဖြစ်သလို၊ သေဆုံးသူအရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ လူ ၇ ဒသမ ၄ သန်းကျော် ကူးစက်ခံနေရပြီး၊ သေဆုံးလူနာ ၂၁၀,၀၀၀ ကျော် ရှိတယ်လို့ John Hopkins တက္ကသိုလ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သမ္မတနဲ့ နီးစပ်သူ ၁၃ ယောက်ကျော်လည်း COVID-19 ကူးစက်ခံထားရပါတယ်။
Ref: Business Insider
You may also like these stories:
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည်တို့ COVID-19 ကူးစက်ခံရ
သမ္မတ ထရမ့်နဲ့ ထိတွေ့ခဲ့သူတချို့ COVID-19 ကူးစက်ခံရ
ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ် GAVI ရောင်းမည်